အပိုင်း-၂၈

92.4K 9.1K 1.1K
                                    

အပိုင်း−၂၈

အမေစိတ်ချမယ်နော်ဆိုသည့် စကားနောက်တွင် ထင်စေသည် တောင်အိမ်တော်သာရှိ မိဘပိုင်အိမ်တွင် မော်ဦးအား ကြည့်ရှု စောင့်ရှောက်ပေးရဖို့ဖြစ်လာသည်။အိမ်တော်သာနှင့် အနည်းငယ်လှမ်းသော ရွာတွင် ဆွေမျိုးနာရေးရှိနေသဖြင့် မိဘနှစ်ပါးစလုံးက သုံးလေးရက်လောက် ညအိပ်ညနေ သွားကြခြင်းပင်။ဒါက ကိစ္စမဟုတ်။ ဦးလှသောင်းပါ ပါသွားသည်ကို သိသွားသည့် ကျွန်းညိုက မော်ဦးအား သူပါစောင့်ရှောက်ကူမည်ဆိုကာ အိမ်ပေါ်ပါလာလေ၏။ အခုလည်း နေ့လယ်စာ စားဖို့ မော်ဦးအား တတွတ်တွတ်မေးရင်း လိုအပ်တာတွေ လုပ်ပေးနေသည့် ကျွန်းညိုကို ထင်စေ သိပ်တောင် သဘောမတွေ့ချင်တော့။

“နည်းနည်းပိုတယ် ကျွန်းညို ။ငါ့အစ်ကိုကို ပုံမှန်ဆက်ဆံ”

‘ငါက အမြဲတမ်းမှ ဂရုမစိုက်ပေးနိုင်တာ။ရတုန်းရခိုက် ကောင်းကောင်းတော့ ဂရုစိုက်ပေးချင်တယ်။”

မော်ဦးကို အိမ်ရှေ့ဧည့်ခန်းထဲတွင် လက်ဖက်တစ်ပန်းကန်ချပေးထားကာ ထိုင်အနားယူစေတုန်း ကျွန်းညိုလက်ကို ဆွဲလျက် ထင်စေက အနောက်ဘက် ခေါ်ပြောသည်။

“မင်း ဟာ က ပို..’

‘နေစမ်းပါ.’

ကျွန်းညိုက သူ့စကားကို အရေးမလုပ်။အနားကနေထွက်သွားကာ မော်ဦးဘေးနားတွင် သွားပြန်ထိုင်သည်။မော်ဦးမျက်နှာက ဟိုတစ်နေ့ကလောက် စိတ်ပင်ပန်းနာကျင်နေဟန်တော့ မပေါက်တော့ဘဲ စိတ်ငြိမ်သွားခဲ့ပုံတော့ရပါသည်။နှစ်ယောက်သား ပြေပြေလည်လည်ရှိနေတာပဲမို့ ထင်စေ အနောက်ဘက်တွင် နေ့လယ်စာ ချက်ဖို့ပြင်ဆင်နေလိုက်တော့သည်။

“ကိုမော်ဦး အဆင်ပြေတယ်မလား။ရည်ရွယ်ထားတဲ့သူက လက်ထပ်သွားတဲ့အကြောင်း ထင်စေဆီက ကြားရတယ်။”

မော်ဦးက ကျွန်းညိုကို ကြည့်လာသည့်မျက်ဝန်းက အေးအေးချမ်းချမ်းပင်ဖြစ်သည်။အားလုံးကို နားလည်နေသလို အပြုံးဖြင့် တစ်ချက်ပြုံးကာ..

‘ရေစက်မပါလို့ဘဲ ဆိုပါတော့။တကယ်တော့ ငါ့ခြေထောက်က ချိုင်းထောက်နဲ့ နည်းနည်းပြန်ထောက်လို့ရနေပြီ။”

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now