အပိုင်း-၂၆

90.7K 9.5K 2K
                                    

အပိုင်း−၂၆

အိမ်ကနေလည်း တခြားနေရာသွားမအိပ်ဖြစ်။သူ့ကြောင့် ကျွန်းညို စိတ်ထိခိုက်သွားမှာသေချာနေသည့်အခါ တစ်ခုခုဖြစ်မည်လည်း စိုးသည့် ထင်စေသည် ဧည့်ခန်းတွင်သာ တစ်ညလုံးအချိန်ကုန်ဖြစ်သည်။တောင်းပန်ချင်ပါသည်။မမျှော်လင့် အမှတ်မထင်ဘဲ ကျူးကျူးလွန်လွန်တွေဖြစ်ခဲ့သည်ကို သူ တကယ်နောင်တရ၏။ဧည့်ခန်းက ကြမ်းခင်းမှာပဲ တစ်လောက လူကြုံမှာလိုက်သည့် ဖျာလိပ်ကိုခင်းပြီးသာ လဲလျောင်းနေခဲ့သည်။တစ်ညလုံး အိပ်မပျော်ခဲ့ဘဲ လင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားခဲ့တာမို့ သူ နိုးလာသည့်အခါ နေအနည်းငယ်မြင့်နေပြီဖြစ်သည်။မကြည်မလင်ဖြစ်နေသည့်ခေါင်းကို တစ်ချက်ခါယမ်းရင်း သူ အိပ်ခန်းဘက်ကို အရင်လာခဲ့လိုက်သည်။ ကုတင်ပေါ်တွင် ခေါက်ထားသည့် စောင်အပြင် ကျွန်းညိုက မရှိ။သူ ထိတ်ခနဲဖြစ်သွားရကာ အိပ်ခန်းထဲထိ ဝင်သည်။ကုတင်က ခေါင်းဦးဘေးတွင် ဖိထားသည့် စာရွက်အပိုင်းအစလေးကိုမြင်တော့ ထင်စေ ကောက်ကိုင်လိုက်သည်။

…လယ်ထဲဆင်းသွားတယ်….

ခပ်တိုတိုတုတ်တုတ်ဖြင့် မညီမညာလက်ရေးလေးတွေက ထင်စေ့စိတ်ကို ငြိမ်သက်သွားစေသည်။တစ်ဆက်တည်း တစ်ချက်ပြုံးမိ သည်။ ကျောင်းတုန်းကတည်းကနေ ဘယ်တုန်းကမှ မလှခဲ့သည့် လက်ရေးတုံးတုံးလေးတွေကခုထိ ဒီအတိုင်း။လယ်ထဲ ဆင်းသွားတယ်ဆို သူလည်း လိုက်သွားရမှာပေါ့။ သူလည်း လယ်ထဲဆင်းရမှာပေါ့။အလုပ်လုပ်ရမယ်။

ကိုယ့်အတွေးနှင့်ကိုယ် မျက်နှာသစ်ခြေလက်ဆေးကာ ထမင်းအိုးတစ်လုံး အရင်တည်လိုက်သည်။ ခြံထဲက ရှိနေသည့် ဂေါ်ရခါးသီးကို ကြက်ဥဖြင့် ရောကြော်လိုက်ကာ ငါးပိရည်တစ်ခွက်လည်းစပ်စပ်လေး ဖျော်လိုက်သည်။ကျွန်းညို အမေ လူကြုံနှင့်ထည့်လာပေးသည့် မြေအိုးသေးသေးလေးထဲက ကတက်ချဉ်ကိုလည်း ချိုင့်ထဲပါ ထည့်ရင်း ပြင်ဆင်ခြင်းက ပြီးသွားခဲ့ပြီဖြစ်သည်။

“ငါးပိရည်နဲ့ဆိုတော့ ကျွန်းညို ကြိုက်မှာပဲ။ ကတက်ချဉ်လည်းပါတယ်။”

ထင်စေသည် စိတ်ကူးနှင့်ပင် ပြုံးနေခဲ့ကာ ချိုင့်နှင့် ထမင်းအိုးကို ခြင်းတောင်းကြီးထဲတွင် ထည့်လျက် စက်ဘီးနောက်ခုံတွင် သေချာအထိုင်ချကာ ချည်သည်။သူ့လယ်ထဲသို့ စက်ဘီး ဖြည်းဖြည်းချင်းပဲ နင်းလာခဲ့သည်။မျက်နှာက ပြုံးမြမြ။ သူ စိတ်ဆိုးနာကျင်အောင်လုပ်ခဲ့ပေမယ့် ကျွန်းညိုက ဘယ်သွားသည်ဆိုတာ သူ့ကိုတော့ အသိပေးသွားခဲ့သည်မလား။ ကျွန်းညိုက သူ့ကို အရေးပေးစိတ်ထဲထားသည်။

ချစ်ကျွန်းရိပ်ညိုWhere stories live. Discover now