အပိုင်း−၃၅
“မနေ့ညနေက အဒေါ်တို့လည်းရှိနေတာကို ဘယ်သွားနေခဲ့တာလဲ ကျွန်းညို”
နေ့လယ်စာ ထမင်းစားရင်းမေးလာသည့် ဦးနိုင်ကြောင့် ပါးစပ်ထဲရောက်နေပြီဖြစ်သည့် ထမင်းလုတ်ပင်နင်ချင်လာသည်။ ကျွန်းညို ဟန်မပျက်ပင်..
‘အောင်လွင့်ဆီ ခဏသွားနေတာပါ။သူ့ကိစ္စလေးရှိလို့”
‘မိုးကြီးလေကြီးထဲကို. မိုးမိသေးလား။”
‘နည်းနည်းပါပဲ အဖေ။”
ဦးနိုင်က ဘာမှမပြောတော့ဘဲခေါင်းတညိတ်ညိတ်။မနေ့က အချိန်လည်းစောင်းနေသည်နှင့် ထင်စေကိုနှုတ်ဆက်ကာ ခပ်မြန်မြန် အိမ်ပြန်လာခဲ့ရတာဖြစ်သည်။ထင်စေက အိမ်ပြန်လိုက်ဖို့အတင်းခေါ်ပေးမယ့် လောလောဆယ်တော့ ကျွန်းညို ပြန်မလိုက်နိုင်သေး။ ပြန်ရောက်တာမှ သိပ်တောင်မကြာသေးဘဲ ပြန်လိုက်သွားဖို့က နည်းနည်းတော့ခက်၏။
“ပွဲရုံမှာ ဒီညနည်းနည်းနောက်ကျလိမ့်မယ်။ငါ့မိတ်ဆွေနဲ့ စကားပြောစရာလေးရှိလို့။ မင်း အမေနဲ့အစ်မက မင်းအဒေါ်နဲ့ အလှူလိုက်သွားတယ်ဆိုတော့ အိမ်ကိုသေချာကြည့်ဦး.. အောင်လွင်တို့ဆီသွားလည်မနေနဲ့”
‘အိမ်မှာပဲနေမှာပါ အဖေရဲ့။လုပ်စရာရှိတာတွေလုပ်ထားလိုက်မယ်။ခြံရှေ့ကလည်း နည်းနည်းပေါင်းရှင်းရဦးမယ်”
ဦးနိုင်ကတော့ ကျွန်းညို ပြောတာကို ယုံပြီး ထမင်းစားပြီးတာနှင့် အိမ်ကနေ အေးအေးဆေးဆေးပင် အိမ်ကခိုင်းသည့် ကောင်လေးမောင်းသည့်လှည်းပေါ် အေးအေးလူလူပါသွားခဲ့သည်။ကျွန်းညိုမှာ ပန်းကန်တွေသိမ်းဆည်းဆေးကြောပြီး ကျားကျားကို ထမင်းကျွေးပြီးသည်နှင့် ခဏတဖြုတ်အနားယူဖို့ဆုံးဖြတ်လိုက်တာမို့ အိပ်ခန်းထဲဝင်လာခဲ့လိုက်သည်။ ခဏထိုင်ကာ ဝတ္ထုစာအုပ်တွေလှန်နေရင်းဖြင့် မျက်စိစင်းလာသည်ကြောင့် ကုတင်ပေါ်လှဲချမိတော့၏။
အိပ်ပျော်ပြီး သိပ်မကြာခင်မှာပဲ အိပ်မက်သည်။အိပ်မက်က လှ၏။ထင်စေက ကျွန်းညိုကို နူးနူးညံ့ညံ့စိုက်ကြည့်နေသည့် အကြည့်တွေကိုသာ တဝဲလည်လည်။အိပ်မက်ထဲတွင် ထင်စေက ကျွန်းညို မေးဖျားလေးကိုဖွဖွနမ်းလျက် ပြုံးပြသည်မို့ ကျွန်းညိုမျက်နှာလေးကရဲခနဲ။ထင်စေက တစ်ချက်ပြုံးကာ ကျွန်းညိုကို ကုတင်ပေါ်တွန်းလှဲလျက် အုပ်မိုးသည်။ နောက် ငုံ့နမ်းလာခြင်းသည် အိပ်မက်နှင့်မတူဘဲ အပြင်တွင် တကယ်ဖြစ်နေသကဲ့သသို့ ထိတွေ့ခံစားရမှုက အတိုင်းသား။ မှိတ်နေ သည့် ကျွန်းညိုမျက်လုံးလေးတွေ ကဏှာမငြိမ်တော့။အတင်းပြူးပြဲဖွင့်ရင်း သူ့ကိုယ်ပေါ်တွင် အမှန်တကယ်လေးလံနေသည့် တစ်စုံတစ်ရာကိုလည်းခံစားလိုက်ရမိသည်။
YOU ARE READING
ချစ်ကျွန်းရိပ်ညို
Romanceဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့