ထို့ကြောင့် မယုံကြည်နိုင်သလို ဖြစ်နေဆဲမှာပင်....
"ဒီလိုလေ။ ကြည်သာ့ ကိုကို့ဆီကိုဆက်သွယ်တိုင်းမှာ လာဗင်ဒါကို အမြဲမှာတယ်။ မင်းလည်းသိတာပဲ ကြည်သာမှ လာဗင်ဒါမကြိုက်တာ။ ဒါပေမယ့် သူက လာဗင်ဒါကိုတော့ အမြဲမှာနေတာ၊ ကိုကိုထွက်သွားပြီးနောက်ပိုင်းမှ သူက လာဗင်ဒါကို ကြိုက်သွားတာများလားပေါ့..."
"ဟင့်အင်း။ သူအခုထိ လာဗင်ဒါကို မကြိုက်ဘူး။ ကြိုက်တာက အဝန်း!!"
"မပြောနဲ့နော်။ ကြည်သာလည်း ကိုယ်တို့လို...."
"ကိုကိုမသိဘူး။ ကျွန်တော်သိတယ် ဒါပေမယ့် ယုံဖို့ ခက်နေတယ်။ တကယ်ပဲဆို အဝန်းကရော...ဟိုကောင်လေးကရော နောက်ဆုံး ကျွန်တော်ကရော ကိုကို။"
ဦးတည်ရာမဲ့နေတဲ့ သက်လျာရဲ့အကြည့်တွေမှာ ၊အတွေးတွေမှာ အပြည့်အနှက် နေရာယူလာသည်က အဝန်းအပေါ်မှာ လိုလေးသေးမရှိ ဂရုစိုက်ပါတဲ့ ကြည်သာ အပြုအမူတွေ။
အချိုမကြိုက်တတ်သူသည် နို့ဆီဗူးအထိပါ ဆောင်ထားတာတွေ၊ ကော်ဖီခွက်နှစ်ခုကို တယုတယကိုင်တွယ်နေပါတဲ့ မြင်ကွင်းတွေ၊ အဝန်းက ကလေးပဲကွာဆိုတဲ့ အပြောနဲ့ အဝန်းလုပ်သမျှကို အပြစ်မမြင်ပဲ ကြင်ကြင်နာနာနဲ့ပဲ ကြည့်နေတတ်တဲ့ ကြည်သာမျက်လုံးတွေ။ အို..နောက်ဆုံး လာဗင်ဒါအနံ့မကြိုက်တဲ့သူက အခုမနက်ခင်းမှာ လာဗင်ဒါတွေ လှိုင်ထနေအောင် ဆွတ်ဖြန်းထားတာတွေ။
"သက်လျာ...."
"ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲဟင်၊ ကိုကို..."
ငြိမ်သက်နေပါတဲ့ သက်လျာရဲ့လက်တွေကို ဆုပ်ကိုင်ပြီး အားပေးတဲ့အကြည့်တွေနဲ့ ကြည့်လာတဲ့ ကိုကို့မျက်နှာကို မြင်တော့ သက်လျာလေ ကလေးတစ်ယောက်လိုပဲ ငိုကြွေးလိုက်ချင်တော့သည်။
"ကိုကို ဘာပြောရမှန်တောင် မသိတော့ဘူး သက်လျာရယ်။ ဒါပေမယ့် အရာရာကို သေချာမသိရသေးပဲနဲ့တော့...."
"မဟုတ်ဘူး ကိုကို။ ကျွန်တော်ထင်နေတယ်၊ ကြည်သာ ကြည်သာဆိုတဲ့သူက ရောင်နီဝန်းဆိုတဲ့ ကောင်လေးကို....."
"မဟုတ်တာတွေ မပြောနဲ့ သက်လျာ..."
ကြားလိုက်ရတဲ့ အသံကြောင့် အခန်းတံခါးဆီကို ကြည့်မိလိုက်တော့ တံခါးဝမှာ ရပ်နေပါတဲ့ ကြည်သာ့ကိုတွေ့လိုက်ရသည်။
အပိုင်း (၃၀)
Start from the beginning