သူ့ဦးလေး ရုံးခန်းမှာက တစ်ညထက်ပိုနေလို့မကောင်းတော့ သူအခန်းကိုပြန်လာခဲ့တယ်။ အက်ဒီက အဆုံးသတ်ပြီးသွားတဲ့ သူ့ရဲ့ စတိတ်စင်ပုံစံငယ်ကို ကျောင်းကိုယူသွားပြီ။ အခန်းထဲက သူ့ကျောင်းစာအုပ်ဟောင်းတွေနဲ့ မဝတ်တော့တာ သေချာတဲ့ အဝတ်ဟောင်းတချို့ကို ဆွဲထုတ်ပြီး ဂျပ်ပုံးတစ်ပုံးထဲ ပုံထားလိုက်တယ်။ တကယ်လို့ အက်ဒီ မြန်မာပြန်သွားပြီဆိုရင် ဒီအခန်းက သူတစ်ယောက်ထဲ ဆက်ငှားနေဖို့ ဈေးကြီးလွန်းတယ်။ ပြီးတော့ သူ့ဦးလေး ရုံးခန်းနဲ့လဲ တော်တော်ဝေးတယ်။
သူရေမိုးချိုး အင်္ကျီအပို နှစ်စုံလောက်ကို အိတ်ထဲထည့်ပြီးတဲ့အထိ အက်ဒီက ပြန်မလာသေးဘူး။ ဒီနေ့ကျောင်းမှာ သူ့ project presentation ရှိနေတာဖြစ်မယ်။
သူအိတ်ကိုလွယ်ပြီးထွက်လာခဲ့တယ်။ သူတို့အတန်းထဲက မလေးတရုတ်မလေးက မြို့ထဲက ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ကောင်းတယ်ပြောလို့ အဲ့ဒီမှာ ဆံပင်သွားညှပ်လိုက်တယ်။ ဆံပင်ညှပ်တဲ့သူက တရုတ်ကလေး။ သူ့ကို ဘာလုပ်ချင်လဲလို့မေးတယ်။ သူတကယ်က ခေါင်းထဲဘာမှမရှိဘူး။ အပြောင်းးအလဲ ဖြစ်အောင် သူ့ဆံပင်ကိုတစ်ခုခုလုပ်ချင်တယ်။
တရုတ်ကလေးက ရယ်ပြီး ငါ့လက်ကို ယုံလို့ဆိုပြီး လုပ်ချင်ရာစလုပ်တော့တယ်။ သူ့ဆံပင်ကို နားသယ်ဘေးကနေ ရိတ်ပြီး ပါးချလိုက်တယ်။ ကျန်တာကိုတော့ ခပ်အုပ်အုပ်ဖြစ်အောင် ချန်ထားပြီး အညိုဖျော့ဖျော့ဆိုးပေးတယ်။ တရုတ်ကလေးက အဲ့ဒီပုံစံက သူနဲ့လိုက်ဖက်မယ်ဆိုတဲ့အကြောင်းကို ရွှန်းရွှန်းဝေအောင်ပြောတယ်။
"မင်း မှာ ရည်းစားရှိလား"
"မရှိဘူး"
"ဒါဆို ငါနဲ့ဒိတ်ပါလား"
မှန်ထဲမှာမြင်နေရတဲ့ တရုတ်ကလေးပုံကိုကြည့်လိုက်တယ်။ သူ့ပုံစံက ဒီမြို့မှာ တွေ့နေကျ တရုတ်ကလေးတွေပုံစံပဲ။ အသားဖြူဖြူ မျက်ပေါက်ကျဉ်းကျဉ်း၊ ဆံပင်ကိုဘေးနှစ်ဖက်က ပြောင်နေအောင်ရိတ်ထားတယ်။
"မင်း အခုနေငြင်းရင် ဆံပင်အရောင် မလှပဲနေလိမ့်မယ်"
သူ့ကိုခြိမ်းခြောက်သလိုပြောတဲ့ပုဲစံက တကယ်ရယ်ချင်စရာကောင်းတယ်။
YOU ARE READING
မင်းရှိတဲ့မြို့ ( 1.3521° N, 103.8198° E)
Romanceအချစ်မရှိတဲ့မြို့မှာ ပိတ်လှောင် ကျန်ရစ်ခဲ့တဲ့လူတစ်ယောက်ရယ် အချစ်ရှိတဲ့မြို့ရဲ့ အဝေးကိုလွင့်ထွက်သွားတဲ့ လူတစ်ယောက်ရယ် အမှတ်တရများစွာပြန့်ကျဲနေတဲ့ မြို့တစ်မြို့က မင်းရယ် ငါရယ် . . . . .။