Chapter 42

975 68 6
                                    

/ လွန်ခဲ့သော သုံးလ /

/ ဓားထိုးမှုဖြစ်အပြီး /

အရေးပေါ်ခန်းရှေ့သည် ထင်မှတ်ထားသည်ထက် တိတ်ဆိတ်ခြောက်ကပ်လို့နေ၏။ မည်းမှောင်မှောင် လမ်းကျဉ်းကလေးအပြင် အေးစိမ့်နေသည့် အငွေ့အသက်တို့ကြားထဲ ရီဝေမှိုင်းပြနေသည့် မျက်ဝန်းအစုံနဲ့ ခေါင်းငိုက်စိုက်ကျရင်း အံတင်းတင်းကြိတ်ထားသည့် လင်းအရုဏ်၏ သဏ္ဍာန်မှာ အချိန်မရွေးလဲပြိုကျသွားနိုင်သည့် အိမ်အိုလေးတစ်လုံးလို ယိုင်နဲ့လို့နေသည်။

"အရုဏ်"

တိုးတိုးခေါ်သံကို ခေါင်းမော်မကြည့်လာ။ တိတ်ဆိတ်နေသည့် မျက်ဝန်းတွေကနေတစ်ဆင့်တော့ သူကြားလိုက်မယ်ဆိုတာကို သိလိုက်ပါ၏။

"အခုမှ ဒီစကားပြောရတာ မှားနေမှန်းသိပေမဲ့ ငါခဏခဏ တံ့ဘုန်းသစ်ကို လက်စားမချေတော့ဘူးလို့ တွေးနေခဲ့တာ"

"ဘာလဲ ငါ့ကြောင့်လို့ အကြောင်းပြချက်ပေးဉီးမလို့လား"

"အကြောင်းပြချက်လား"

ခြောက်ကပ်ကပ်ရယ်ပစ်လိုက်ချင်သည်။ သို့ပေမဲ့ နာကျင်နေသူတစ်ယောက်၏ရှေ့မှာ အပြစ်လုပ်ထားသူ တစ်ယောက်က ရယ်ပြသည်ဆိုတာက တော်တော်ကို အောက်တန်းကျသည့် လုပ်ရပ်ဆိုတာ ခွန်းစျာန် သဘောပေါက်တာမို့ ရယ်သံတွေကို လည်ချောင်းဝမှာတင် ထိန်းချုပ်ထားလိုက်မိ၏။

"ဝန်ခံလိုက်"

နံရံမှာ ခေါင်းကို လေးတွဲစွာ မီထားမိပြီး ခဏအကြာမှာ တိကျပြတ်သားစွာ ပြောလာသည့် စကားသံဖြစ်ပါ၏။

"မင်း ဟိန်းမင်းဇေကို အသေသတ်ဖို့ လုပ်ကြံတယ်မလား"

"ငါ့နေရာမှာ တံ့ဘုန်းသစ်သာဆိုရင်ရော....ဝန်ခံခိုင်းမှာလား"

"သူ့ကိုခေါ်ပြီး ဘယ်သူမှ ဖမ်းလို့မမိတဲ့နေရာကို ထွက်ပြေးသွားမှာပေါ့"

ဒီတစ်ကြိမ်မှာတော့ အတည်အမှန် ရယ်မိသွား၏။ အရုဏ်၏ မျက်လုံးအိမ်တွေက ခွန်းစျာန်လက်ဖဝါးပြင်ရှိရာဆီ တစ်ချက်ရွေ့လျားလာသည်။ တိုးတိုးလေး တစ်ခွန်းထပ်ပြော၏။

"ဝန်ခံလိုက်"တဲ့။

နောက် ထိုင်နေရာကနေ ဝုန်းခနဲ ထရပ်ပြီး ခဏပျောက်သွား၏။ နဂိုတည်းက တိတ်ဆိတ်နေသည့် လေထုသည် ပိုမိုတိတ်ဆိတ်စွာ။ စက္ကန့်တွေကို အကြောင်းပြချက်မရှိ ထိုင်ရေတွက်နေရင်းက ခဏအကြာမှာ အရုဏ်ဘေးကို ပြန်ရောက်လာကာ ကိုက်ခဲနာကျင်နေသည့် လက်ကို ဆွဲယူသည်။ သူ့လက်ထဲမှာ အရက်ပြန်ပုလင်းနဲ့ ဂွမ်းထုပ်တစ်ထုပ်။ ပက်တီးတစ်လိပ်နဲ့ ဆေးနီတစ်ပုလင်းပါ ပါလာသေးသည်။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now