Chapter 35

938 83 18
                                    

စားပွဲဝိုင်းမှာ လူစုံတက်စုံထိုင်ကြသည့်အချိန်ထိ တစ်ခြားလူတွေ သတိထားမိလားမသိပေမဲ့ သူတို့နှစ်ယောက်ကြားက တင်းမာနေသည့် လေထုဟာ လင်းအရုဏ်ဆီမှာတော့ တိုက်လို့နေသည်။ ထူးခြားတာတစ်ခုက မေမေ ဖေဖေ့ကို ဘယ်လိုများ ပြောပြထားလဲမသိ။ တံ့က လင်းအရုဏ်၏ အလုပ်ရှင်ပါလို့ ဖေဖေက သိထားပြီး စားပွဲဝိုင်းတစ်ခုတည်း အတူတူထိုင်နေတဲ့ တစ်လျှောက်လုံး သူတို့နှစ်ယောက် လေပေးဖြောင့်နေခြင်းဖြစ်သည်။

"သားကို အဲ့ကောင်လေးရဲ့ အတွင်းရေးမှူးလုပ်နေတာလို့ မေမေလိမ်ပြောပေးထားတယ်"

သူတို့နှစ်ယောက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးကိစ္စနဲ့ လေကြောင်းကျနေတုန်း အမေက လင်းအရုဏ်နားကပ်ကာ တိုးတိုးလေးပြောပြသည်။

"ရှေ့မှာ တစ်ခါတွေ့ဖူးတယ်။ အဲဒီကတည်းက အဆင်ပြေနေတာပဲ။ မင်းအဖေမှာက သူနဲ့တန်းတူလိုက်ပြောနိုင်မယ့် လူက ခပ်ရှားရှားမလား"

အမြဲ တည်ငြိမ်အေးစက်နေသည်ဆိုပေမဲ့ ဒီညမှာ တမူထူးခြားသည့် တည်ငြိမ်မှုတွေနဲ့ ခြယ်မှုန်းခံထားရသည့် သူ့ကို လင်းအရုဏ် မငေးရ မနေနိုင်ဘဲ လှမ်းကြည့်မိ၏။ ဒါ တံ့ဘုန်းသစ် အလုပ်လုပ်သည့်ပုံပါလား။ ဒါ တံ့ဘုန်းသစ် လူကြီးတစ်ယောက်နဲ့ ရင်ဆိုင်သည့် ပုံပါလား။ ဒါ တံ့ဘုန်းသစ်၏ လင်းအရုဏ် မမြင်ဖူးသေးသည့် အစိတ်အပိုင်းလေးတစ်ခုပါလား။ ဒီလို အတွေးတွေနဲ့။

သူလင်းအရုဏ် သတိတောင်မထားလိုက်မိသည့်အချိန်မှာ လင်းအရုဏ်၏ အိမ်အခြေအနေကိုရော၊ လင်းအရုဏ်၏ မွေးနေ့ကိုရော သိနေခဲ့တာပဲ။

ဒါဆို...

"ငါဆေးရုံရောက်နေတဲ့အချိန်မှာ ငါ့ဆိုင်ကိုရော၊ ငါ့အိမ်ကိုရော တံ့ဘုန်းသစ် ရောက်လာပြီး ရှာတယ်။

ငါဆိုင်ကို မန်နေဂျာလက်ထဲပဲ အပ်ခဲ့ပြီး ပြန်မသွားတော့ဘဲ သူ့ကို တောက်လျှောက်စောင့်ကြည့်နေခဲ့တယ်။ သူကလည်း ဘာသတင်းမှမရတော့ဘဲ ပျောက်သွားတဲ့ ငါ့ကို တောက်လျှောက်ရှာနေခဲ့တယ်"

ဒါတွေက အမှန်တွေပဲ။ ဟိန်းမင်းဇေ ပြောခဲ့တာတွေက အမှန်တွေ။ ဒီလိုလူမျိုးတစ်ယောက်က သူ့ကို ပန်းစည်းတွေပို့နေတဲ့လူကို မစုံစမ်းဘူးဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲ။ "ငြိမ်ခံနေတော့ အကောင်းမှတ်နေလား"တဲ့လေ။ သူပြောခဲ့ဖူးပါ၏။ အစပိုင်းမှာ အပြစ်ရှိနေသည့် နှလုံးသားကြောင့် ငြိမ်ခံနေခဲ့မယ်ဆိုရင် နောက်ပိုင်း ဟိန်းမင်းဇေအကြောင်းတွေ စတင်စုံစမ်းဖို့ တွန်းအားပေးနိုင်သည့် အကြောင်းရင်းက ဘာများဖြစ်နေမလဲ။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now