Chapter 9

990 90 27
                                    

ညဦးပိုင်းသည် အေးစိမ့်စိမ့်နိုင်သည်။ စစ်နေတို့အိမ်မှာ အချိန်တော်တော်များများ ကုန်ဆုံးသွားတာမို့ လင်းအရုဏ် အိမ်အပြင် ထွက်လာသည့် အချိန်သည် ညဦး၏ အေးမြမြလေတို့ဖြင့် ပြည့်နှက်နေပြီဖြစ်၏။ သူက ထိုအချိန်ထိ ရုံးကနေအိမ်ပြန်မလာ။

အိမ်အထိလိုက်ပို့ဖို့ ဒရိုင်ဘာတစ်ယောက် ခေါ်ပေးမယ်ဆိုတဲ့ အန်တီ့ကို အားနာနာနဲ့ ငြင်းပြီးအိမ်အပြင် ထွက်လိုက်လိုက်ချင်းမှာပဲ ခြံရှေ့မလှမ်း မကမ်းက မှောင်ရိပ်ထဲမှာ ယောင်လည်လည်လုပ်နေတဲ့ လူရိပ်ကို တွေ့လိုက်ရသည်။

ဘယ်သူလဲ...နေဝင်ရီတရော အချိန်ဖြစ်နေပြီမို့ ဒီတိုင်း ရပ်နေတဲ့လူလား၊ တစ်ယောက် ယောက်ကို ရပ်စောင့်နေတဲ့လူလား မသဲမကွဲ။ အိမ်ထဲကနေ လက်လှမ်းပြနေတဲ့ စစ်နေလေးကို လည်ပြန်ကြည့် နှုတ်ဆက်ပြီး ထိုလူ့ကို ကျော်ကာ လမ်းထဲကနေ လျှောက်ထွက်ခဲ့သည်။

အလာတုန်းက သူလာကြိုတာမို့ အရုဏ့်မှာ ဆိုင်ကယ်မပါ။ နေပြည်တော်မှာက သပြေကုန်းစျေးနဲ့ မြို့မစျေးကို ပြေးဆွဲနေသည့် မီနီဘတ်စ်ကလေးတွေကလွဲရင် ရန်ကုန်လို အများသုံးယာဥ်မရှိတာမို့ တစ်နေရာနဲ့ တစ်နေရာသွားဖို့ ကိုယ်ပိုင်ဆိုင်ကယ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် ရှိနေမှ အဆင်ပြေသည်။ သူအပြန်တော့ လိုက်ပို့လောက်မှာပါလို့ စိတ်ကြီးဝင်မိခြင်းကိုက အရုဏ့်အမှားသာဖြစ်သည်။ ခွန်းစျာန်ကိုဖြစ်ဖြစ် လာကြိုဖို့ လှမ်းခေါ်မှဖြစ်မည်ဟု အိတ်ထဲက ဖုန်းကို နှိုက်ပြီး Content ထဲဝင်နေဆဲ...

" ဟေ့"

နောက်က ခေါ်သံနဲ့အတူ ဆတ်ခနဲ ဖမ်းဆွဲခံလိုက်ရတဲ့ လက်တွေ။ တစ်ချိန်တည်းမှာပဲ အုန်းခနဲ အသံနဲ့အတူ ထိုလူ ဘေးနားက နံရံမှာ ကျောကပ်သွားသည်။ ထိုလူ့လည်ပင်းကို လက်ဖျံရိုးကိုသုံးပြီး နံရံမှာ ခပ်တင်းတင်းဖိချုပ်ထားလိုက်၏။ ရွယ်ထားလိုက်သည့် လက်သီးက ထိုလူ့မျက်နှာထဲ ဝင်လုဆဲဆဲ။

" အဟွတ်...ဟွတ်!"

ချောင်းဆိုးသံက အရင်ထွက်လာသည်။ ရင်းနှီးနေတဲ့အသံပဲလို့ တွေးမိသွားသည့်ခဏမှာ ထိုလူ့ဆီက အသံထွက်လာ၏။

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Where stories live. Discover now