"ထင်ရင် ရမ်းသမ်းမပြောနဲ့လေတဲ့"
"အေးပါဟာ နင်ကလည်း။ ငါနောက်မပြောတော့ဘူး"
အဆုံးသတ်အနေနှင့် လေပြေနုသွေးက မိန်းကလေးပီပီ မျက်စောင်းလေး ဝင့်နေသေးသည်။ ဒါကို သိမ့်သိမ့်စိုးမြင့်ကလည်း တဖြီးဖြီးနှင့်ရယ်ပြနေလေတော့သည်။
သူမတို့နှစ်ယောက်ရဲ့ ဘေးက ပန်းသွဲ့သွဲ့အေးသည် ကျွန်တော့်ဘေးရောက်လာပြီး ကျွန်တော့်နဖူးပေါ် သူမလက်ဖဝါးတင်သည်။
"နေကောင်းနေပြီပဲ အောင်ရ။ ညနေလိုက်ခဲ့လေ။ ငါတို့ အကုန်လုံးအတူတူသွားရအောင်လေ"
ထိုအခါ လေပြေနုသွေးနဲ့ သိမ့်သိမ့်စိုးမြင့်ကပါ ကျွန်တော့်ထံကြည့်လာလေတော့ ကျွန်တော့်မှာ ငြင်းရခက်သွားသည်။ သူငယ်ချင်းတွေအိမ်ကို အလည်မလိုက်ဘူးပါတဲ့ ကျွန်တော်သည် တကယ်တမ်းမှာ လေပြေနုသွေးတို့ အိမ်ဆိုသည်ကို လိုက်ဖို့ရန်အတွက် မဝံ့မရဲဖြစ်ရသည်။
သူမတို့ ပြောနေတဲ့ သီချင်းဆိုတာကိုလည်း ကျွန်တော် တကယ်ကြိုက်သည်မဟုတ်။ အစောက စကာလမ်းးကြောင်း ပြောင်းတဲ့အနေနဲ့သာ မေးဖြစ်ခဲ့တာ။ အခုတော့ သူမတို့အားလုံးရဲ့ အကြည့်တွေကြောင့် ညနေခင်းမှာ အကိုမပါပဲ ပထမဆုံးအကြိမ် အိမ်လည်ခြင်းကို လုပ်ရတော့မည်။
"လာလေ..ဖိနပ်ချွတ်မနေနဲ့။"
ခင်းထားပါတဲ့ ပါကေးတို့က တက်နင်းရတဲ့နေရာမှ ဟုတ်ပါရဲ့လားလို့တောင် တွေးမိသည်အထိ တောက်ပြောင်သန့်ရှင်းနေသည်။ လေပြေနုသွေးက အဆောင်မှာပဲ နေသည်ဟု သိထားသော်လည်း တစ်ခါတစ်လေ သူမအဒေါ်အိမ်မှာ သွားနေတတ်သည်ဟုလည်း သိလိုက်ရသည်။
နောက်ထပ်သိလိုက်ရတာ တစ်ခုက သူမခေါ်နေပါတဲ့ ဒေါ်ဒေါ်ဆိုသည့် အမျိုးသမီးသည် ဤမျှလောက်ထိ ချမ်းသာကြွယ်ဝသည် ဆိုတာပင်။
"သမီးရေ လေပြေလာတယ်ကွယ့်။ သူငယ်ချင်းတွေကိုလည်း ခေါ်လာတယ် ထင်တယ်"
"လာပြီ မေမေရေ...."
"ထိုင်ဦးနော် ကလေးတို့။ အန်တီ အအေးသွားဖျော်လိုက်ဦးမယ်။"
သနပ်ခါးအဖွေးသားနဲ့ ဘီးဆံထုံးကြီး ထုံးထားတဲ့ အန်တီသည် အလွန်ကျက်သရေရှိလှသည်။ သူမဝတ်ဆင်ထားတဲ့ အဝါနုရောင် ပါတိတ်ဝမ်းဆက်က သူမရဲ့ ဝင်းဖန့်ဖန့် အသားအရည်ကို ပိုလို့ ဝင်းဝါစေလေသည်။ အိမ်မှာနေရင်းနှင့်တောင် ဤမျှအထိ ကျက်သရေ ရှိလှသော ထိုအဒေါ်ကို မြင်တော့ အိမ်က အမေကို သတိရမိသည်။
အပိုင်း (၁၅)
Start from the beginning