OSOD-14(U&Z)*

93.2K 6K 740
                                    

(ဤဝတ္ထုမှ ဗဟုသုတတစ်စုံတရာ မရရှိခဲ့သည်ရှိသော် နားလည်ပေးပါရန် မေတ္တာဖြင့် တောင်းပန်လျက်)

အပိုင်း (၁၄)

ဒီနေ့က တပို့တွဲလဆန်း၁၄ရက်နေ့ဖြစ်ပါသည်။မနက်ဖြန် ဘုရားပွဲနေ့ဖြစ်သည့်အတွက်ကြောင့် ဘုရားကြီးကို ရေသပ္ပာယ်ဖို့ရာ ရပ်ကွက်ထဲမှာ မနက်မိုးလင်းကတည်းကလိုက်လံနှိုးဆော်နေသည်မို့ ဆူညံနေလျက်ရှိ၏။

ကာလသားတစ်သိုက်ကလည်း သန့်ရှင်းရေးလုပ်ဖို့ကိုတောင်မှ တက်တက်ကြွကြွတောက်တောက်ပြောင်ပြောင်တွေဝတ်ဆင်လျက်။မိန်းကလေးတွေကလည်း အလှကိုယ်စီနှင့်တင့်တယ်နေသော အချိန်ကာလတစ်ခု။

"ခမ်းရေ...ငါတို့သွားကြမယ်လေ"

အိမ်ရှေ့မှ နွေးနွေးမရဲ့အော်ခေါ်နေသံကြောင့် ထုံးလက်စ ဆံထုံးကို အမြန်ထုံးလိုက်ပြီး ထဘီကို တင်းတင်းဝတ်လျက် ရင်ဖုံးအင်္ကျီခါးတိုလေးကို သေချာဆွဲဆန့်လိုက်သည်။အမြင်စူးရှမနေဖို့ရာ အပြာနုရောင်ပေါ်မှာ အပွင့်သေးသေးလေးများပါသောထဘီကို အပြာနုရောင်ချည်သားထူထူလက်စက,ခါးတိုလေးနဲ့တွဲဝတ်ထားတာမို့ အေးချမ်းနေတာတော့အမှန်ပင်။

"လာပြီ နွေးရေ"

"သုသုရေ သွားရအောင်"

"လာပြီ ကိုကို.."

အိမ်ရှေ့ရောက်တော့ နွေးနွေးက အဆင်သင့်စောင့်နေသည်။အဝါရောင်ဝမ်းဆက်လေးနဲ့ နွေးနွေးကလည်း နာမည်နဲ့လိုက်အောင် နွေးထွေးနေသည်မို့ ကျွန်တော်သဘောကျစွာပြုံးလိုက်မိ၏။မျိုးတေဇနဲ့လည်းအဆင်ပြေနေပြီမို့ နှစ်ယောက်အတူလာပုံရသည်။
အံမယ်...ဒီကောင်ကလည်း အဝါရောင်ရှပ်အင်္ကျီတွေဘာတွေနဲ့...

"တေဇက ကြားသားမိုးကြိုး ပုဆိုးတွေဘာတွေနဲ့ပါလား"

"ဘုန်းကြီးကျောင်းကိုသွားတာပုဆိုးနဲ့မှ သင့်တော်မှာပေါ့ဟ"

"သူများကိုလိုက်ပြောမနေနဲ့ နင့်ရဲ့ကလေးကျတော့ လမ်းမှာဘောင်းဘီတိုနဲ့ငါတွေ့ခဲ့တယ်"

နွေးနွေးက တေဇကိုပြောလိုက်တဲ့ကျွန်တော့်စကားကို ပြန်လည်ချေပလာသည်။

Other Side Of Diversity (Completed)Where stories live. Discover now