"ဒါဆို ကိုယ်ကရော နွေ"
ထိုအမျိုးသမီးလေး၏ ဘေးချင်းကပ်လျက်မှ ချစ်သူဖြစ်ဟန်တူသည့် ကြည့်ကောင်းသည့်အမျိုးသားက ပြုံးစိစိနှင့် ဝင်ပြောသည်။
"ရှင်ကတော့ အမည်းတုံးကြီးပေါ့ရှင်"
အနှီအမျိုးသား၏ အမှန်တကယ်လည်း ညိုနေသည့်အသားအရေကြောင့် အားလုံးက တဝါးဝါးတဟားဟား။ မိုရှင်းနိုတစ်ယောက်သာ ဟန်ဆောင်ပန်ဆောင်ပြုံးရယ်ကာ စိတ်အိုက်နေရခြင်းဖြစ်သည်။
"ကဲ စကားကောင်းနေလိုက်ကြတာ..ဘယ်နှနာရီရှိနေပြီလဲ"
သတိတရဝင်ပြောလာသည့် ထောင့်ဆုံးမှအစ်မ၏စကားသံကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသည်။
"၅နာရီတောင်ကျော်ပြီ..လိုက်လာတဲ့ ရှင်တို့ရဲ့ ဆိုင်ရာပိုင်ရာတွေကိုလည်း အားနာကြပါဦးဟဲ့..လူစုခွဲကြစို့"
နောက်တစ်ယောက်ကပါ အားနာပါးနာဖြင့် ဝင်၍ဆော်သြသမှုပြုလာသည်။
"ဟုတ်ပါရဲ့..တစ်နေကုန်ကြီး လာထိုင်ခိုင်းထားသလိုဖြစ်နေပြီ..အဲလိုပဲ မောင်လေးရေ အစ်မတို့က တစ်ခါဆုံဖို့ကလည်းမလွယ်တော့ တစ်ခါတစ်ခါဆုံမိပြီဆို မိုးပါချုပ်တယ်"
ခေတ်ဆန်ဆန်ရှိသည့်အစ်မက သူ့ကိုကြည့်လာရင်း အားနာသလိုဆိုလာ၏။
"အဲဒါတော့အမှန်ပဲ ညီရေ..အစ်ကိုဆို ဒီလိုမျိုးတွေ ခဏခဏကြုံရလွန်းလို့ နောတောင်ကျေနေပြီ"
အသားညိုညိုနှင့်အစ်ကိုကလည်း ရယ်ရယ်မောမောနှင့် ဝင်ပြောသည်။
"ကိုယ်တောင်းပန်တယ်နော် ရှင်း..ကိုယ်လည်း စကားပြောရင်း အချိန်ကို သတိမထားမိလိုက်တာနဲ့"
မမြရိပ်က သူ့ဘက်လှည့်ကာ ခပ်တိုးတိုးဆိုလာသည်။ မျက်ဝန်းလှလှတွေထဲ တောင်းပန်ရိပ်တို့က ဟိုတစ်စဒီတစ်စ ခိုညှိတွယ်ကပ်လို့။ ခေါင်းတစ်ချက်ခါရင်း "မဟုတ်တာပဲ မ,ရာ"ဟု ခပ်ပြုံးပြုံးဆိုလိုက်တော့ မမြရိပ်သူငယ်ချင်းများက ပြုံးစိစိဖြစ်ကုန်ကြတော့သည်။
"အမယ်လေး ရိပ်ရဲ့ကောင်လေးက နားလည်မှုရှိတတ်လိုက်တာဟယ်...တကယ့်ကို အဖိုးတန်မျိုးမှန်လေး"