"14"

26.4K 2.4K 36
                                    

Unicode

အဆင့်အတန်းမြင့်စားသောက်ဆိုင်ကြီးတစ်ခု၏ သီးသန့်VIP roomလေးအတွင်း၌ ရယ်မောသံများက သောသောညံလို့နေသည်။ ညနေခင်းရောက်နေပြီဖြစ်သည့်တိုင် စကားသံတို့က ကျွက်ကျွက်ညံနေဆဲ။ အားလုံးက လူပျိုလူလွတ်များဖြစ်သည့်အပြင် အရွယ်ကောင်းလေးများလည်းဖြစ်ကြသည့်အလျောက် အိမ်ပြန်ရန်အတွက် မည်သူကမှ အလောတကြီးဖြစ်မနေ။

ဘယ်နှကြိမ်မြောက်ကြည့်မိမှန်းမသိသည့် လက်ပတ်နာရီကို ပြန်ငုံ့ကြည့်လိုက်ရင်း သက်ပြင်းတစ်ခုကို မသိမသာချလိုက်သည်။ ငြိမ်ငြိမ်သက်သက်ထိုင်ရင်း မရင်းနှီးသောသူများကို ပြုံးပြုံးပြနေရသည်မှာ နေ့လယ်(၁)နာရီမှ ညနေ(၅)နာရီသို့ပင် တိုင်ခဲ့ပြီ။

နှုတ်ဆက်စကားဆိုကာ ထွက်သွားမည်ကြံလိုက်တိုင်းလည်း သူ့ဘေးနားက သူငယ်ချင်းများနှင့် စနောက်ပြောဆိုကာ ရယ်မောပျော်ရွှင်နေသော မမြရိပ်ကြောင့် စကားလုံးတို့က အပြင်သို့ထွက်ကျမလာ။ စားပွဲသောက်ပွဲမပြီးဆုံးသေးဘဲ ဦးစွာထပြန်သွားခြင်းက မယဥ်ကျေးသောအပြုအမူဖြစ်သည့်အပြင် သက်ဆိုင်သူတစ်ယောက်အနေနှင့် မမြရိပ်ကပါ သူငယ်ချင်းများအကြား မျက်နှာပျက်စရာဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် ထိုစားသောက်ပွဲကြီး အမြန်ပြီးဆုံးရန်သာ ဆုတောင်းရုံမှတစ်ပါး တခြားဘာမှမတတ်နိုင်။

"ရိပ် ရှင်ကတော့ သွက်လိုက်တာနော်...ဒီလိုဥစ္စာပေါ ရုပ်ချော ဖြူဖြူစင်စင်လေးကို ဘယ်နားမှာ သွားရှာလိုက်တာလဲ"

ခေတ်ဆန်ဆန်ဝတ်စားထားသည့် အမျိုးသမီးလေးက မမြရိပ်ထံ ချစ်စနိုးဖြင့် မျက်စောင်းဝင့်ကာဆိုသည်။ သူ(မ)အနီးမှ မိန်းမပျိုတစ်ယောက်က ထိုအမျိုးသမီးလေး၏လက်မောင်းကို အသာရိုက်ကာ ရယ်ရင်း..

"ဘယ်က သွားရှာရမှာလဲ..အဲဒါ ငါတို့နဲ့ တစ်ကျောင်းတည်းတက်ခဲ့တဲ့ ဂျူနီယာလေးလေ...ငါတို့ကျောင်းပြီးမှ သူတို့စတွဲကြတာ..နင်က နိုင်ငံခြားရောက်နေတော့ မသိလိုက်တာဖြစ်မယ်"

"ဟယ် ဟုတ်လား ဒေါက်တာမှန်းသိပေမဲ့ တစ်ကျောင်းတည်းဖြစ်လိမ့်မယ်လို့တော့ ထင်မထားဘူး..အရမ်းလည်း အေးဆေးတာပဲနော်..ဒေါ်ရိပ်တို့ကတော့ တကယ်ကြီး ပတ္တမြားတုံးလေး ကောက်ရလိုက်တာပဲ"

GreenHead {ခေါင်းစိမ်း}Where stories live. Discover now