"13"

27.5K 2.4K 259
                                    

Unicode

မိုရှင်းနိုတို့House surgeon ဆင်းသည့်ကာလက နောက်ဆုံးတွင်တော့ အောင်မြင်စွာဖြင့် အဆုံးသတ်ခဲ့ပြီဖြစ်သည်။ အလုပ်သင်ကာလ နောက်ဆုံးရက်ဖြစ်သည့်အတွက် ဟန်သုတနှိုင်းတို့ကတော့ ပခုံးပေါ်ကအထုပ်ကြီး ပစ်ချလိုက်ရသလို တစ်ကိုယ်လုံးလေပေါ်ရောက်နေလေပြီ။

"ရှေ့လျှောက် ဘယ်လိုလုပ်မယ်စဥ်းစားထားလဲရှင်းနို"

မိုရှင်းနိုက လက်ထဲကဖိုင်တွဲလေးကို လက်ပြောင်းကိုင်လိုက်ပြီး အနီးနားက ခုံလွတ်တစ်လုံးပေါ် ထိုင်ချလိုက်သည်။

"ငါဘွဲ့လွန်တွေယူဦးမှာ"

ဘွဲ့လွန်ဆိုသည်မှာ M.S.C, Ph.Dဘွဲ့များကို ဆိုလိုခြင်းဖြစ်သည်။ ယခုရရှိမည့် M.B.B.Sပြီးလျှင် ဘွဲ့လွန်အဖြစ် M.S.C ၊ ထို့နောက် Ph.D။

"ဒါဆို AS( Assistant Surgeon - လက်ထောက်ဆရာဝန် ) ဝင်လုပ်ရဦးမှာပေါ့"

မိုရှင်းနိုက ခေါင်းညိတ်သည်။ ဘွဲ့လွန်တက်ချင်လျှင် အစိုးရဝန်ထမ်းအဖြစ် ၂နှစ်၃နှစ်လောက်တော့ ဝင်လုပ်ရသည်။ အကယ်၍ နောက်တစ်ဘွဲ့ထပ်မယူတော့ဘူးဆိုလျှင်တော့ အစိုးရဝန်ထမ်းအလုပ်ကို ဝင်မလုပ်ချင်လျှင်လည်းရသည်။ မိမိရွေးချယ်မှုအလျောက် ပုဂ္ဂလိကဆေးရုံများတွင် စတင်၍ဝင်ရောက်လုပ်ကိုင်နိုင်ပေသည်။

"မင်းကရော"

ဟန်နှိုင်းက ပြုံးစိစိနှင့် ကိုယ်ကိုဘယ်ညာယမ်းရင်း မျက်စိတစ်ဖက်မှိတ်ပြသည်။

"မင်းရှိတဲ့နေရာက ငါရှိတဲ့နေရာပဲပေါ့ရှင်းနိုရာ..ငါမှ မင်းနဲ့မခွဲနိုင်တာ အူးဟူးဟူး"

"ခွေးကောင်"

လက်ထဲကဖိုင်တွဲနှင့် ကောက်ပေါက်မည့်ဟန်ရွယ်လိုက်တော့ ငနဲသားက သူကြည့်နေသည့် တရုတ်သိုင်းကားထဲမှ အကွက်တို့ဖြင့် နံဘေးကိုခုန်ရှောင်သွားသည်။

"ရှင်းနို မင်းဘေးနားက ရေသန့်ဘူးထဲကရေတွေကို အကုန်သောက်လိုက်ပြီး ငါ့ကို ဘူးခွံပေးခဲ့စမ်းပါ မြန်မြန်"

ရုတ်တရက်ကြီး ဘာမြင်သည်မသိ။ ပြူးပြူးပြဲပြဲနှင့် အလောတကြီးဆိုလာသည်ကြောင့် ဘုမသိဘမသိဖြင့် ရေကိုမော့သောက်လိုက်ပြီး ဘူးခွံကိုလှမ်းပေးရသည်။

GreenHead {ခေါင်းစိမ်း}Where stories live. Discover now