[ unicode ]
သွေးလွန်တုပ်ကွေးပါမက မွေးရာပါ ပန်းနာရင်ကြပ်အခံပါပေါင်း၍ ကလေးက ပိန်ကျသွားသည်မှာ မြင်ဖွယ်ရာပင်မရှိ။ ရက်ပိုင်းလေးအတွင်း ဒီလောက်ပြောင်းလဲသွားရသလား။
သူမနှင့် ကိုဝသုန့် အမျိုးသမီးက ၃ခါလောက် ဆုံခဲ့ဖူးသည်မို့ အထူးအထွေ မိတ်ဆက်ရင်းနှီးစရာမလို ၊ မမနှင့် ရွယ်တူလောက်ရှိမည့် ထိုအစ်မက သူမ လူနာလာကြည့်တိုင်း ဆရာမဆိုသည့်ဂုဏ်ပုဒ်ကြောင့် တရိုတသေဆက်ဆံရှာသည်။
မပြေလည်ခဲ့သည်မှာ ဘယ်လောက်ပင် ကြာခဲ့ပြီလဲ။ ကလေးတစ်ယောက်တည်းအတွက် အရာအားလုံး ပုံအောထားခဲ့မှန်း သိသာစွာ လင်မယားနှစ်ယောက်လုံး နွမ်းလျလွန်းလှသည်။ မီးမီးသုန်က အမြဲကျော့မော့ တက်ကြွနေသည့် ကလေးလေးမို့ ပြေလည်သည့်မိသားစုကဟု သူမ အပေါ်ယံထင်မှတ်ထားခဲ့တာ။
လူနာကုတင်ဘေးမှခုံတွင် ဝင်ထိုင်ရင်း ကုတင်ပေါ်ရှိ အောက်ဆီဂျင်တပ်ထားရသည့် တပည့်မလေးကို မသက်သာလှစွာ သူမ ငေးကြည့်မိသည်။
" ညီမလေး .. ကော်ဖီသောက်မလားရှင့်"
"အာ .. ရတယ် ရတယ်။ ပန်းသီးကိုစိတ်ထဲမထားပါနဲ့ ၊ သက်တောင့်သက်သာပဲနေ အစ်မ"
လွန်ခဲ့သည့် ၃ရက်လောက်ကတည်းက ပြင်ပလူနာဆောင်မှပြောင်းခိုင်းကာ သူမကိုယ်တိုင် အခန်းငှါးပေးခဲ့သည်မို့ အသင့်အတင့်ကျယ်ဝန်းသည့် ဆေးရုံခန်းသည် ကလေးရော လူနာစောင့်တွေအတွက်ပါ အသက်ရှုချောင်လှသည်။
သူမ ရောက်လာသည်နှင့် ကိုဝသုန်က လိုအပ်တာတွေယူဖို့ အိမ်ခဏပြန်သွားတာမို့ သူမနှင့် အစ်မ နှစ်ယောက်တည်းသာ ။ ကုတင်တစ်ဖက်ခြမ်းတွင် အစ်မက ဝင်ထိုင်ရင်း မီးမီးသုန်၏လက်ကလေးကို ပွတ်သပ်ပေးသည်။
"သက်သာနေပါပြီ ညီမလေးရယ်။ အသက်ရှူကြပ်နေတာလေး ကျန်သေးလို့သာ။ နောက်နှစ်ရက်လောက်ဆို ဆင်းလို့ရလောက်ပြီ"
"ပန်းသီးကို လိုအပ်တာ အကုန်ပြောနော် အစ်မ။ အားမနာနဲ့ ။ မီးသုန်အတွက် ကျူရှင်လခလည်း ပေးစရာမလိုတော့ဘူး သိလား။ ပြီးတော့ .. မီးသုန်ကျောင်းစရိတ်တွေနဲ့ တခြားလိုအပ်တာတွေအတွက် ပန်းသီး တာဝန်ယူချင်တယ် အစ်မ"
YOU ARE READING
• ပန်းသီး •
Short Storyမမ .. မမက သူမ ဘဝ၏ အရာခပ်သိမ်းပင်ဖြစ်သည်။ သူမသည် မမကြောင့် ဘွဲ့ရသည်အထိ ကြိုးစားချင်ခဲ့တာဖြစ်ပြီး မမအတွက်ပဲ လိမ္မာချင်ခဲ့တာလည်းဖြစ်သည်။ ကုန်ကုန်ပြောရလျှင် ဤလောက လေထုအား သူမ ဆက်လက်ရှူရှိုက်နေခြင်းမှာ ကျန်ရှိနေသည့် သူမ၏ဘဝသက်တမ်းကို မမနှင့်အတူ အသက်ရှင်နေ...