အခန်း (၂၀၃) ဓားစိတ်ဆန္ဒ

195 10 0
                                    

သွားကဲ့သို့ ဖြူဖြူအခဲလေးများကို ကြည့်ရင်း ကျန့်ကျင်းသည် သူ၏သွားများကို ချက်ချင်း စမ်းကြည့်လိုက်သည်။ ကျန့်ကျင်းတစ်ယောက် သွားများကို စမ်းကြည့်လိုက်သောအခါ သူ၏ပါးစပ်ထဲတွင် သွားအတော်များ ပျောက်ဆုံးကုန်ကြောင်း သိလိုက်ရသည်။
ယင်းသည် ရဲ့ချန်၏ထိုးချက်ကြောင့် ကျန့်ကျင်း၏သွားများ ဘုရားဖူးထွက်သွားပုံ ပေါ်သည်။
သူ၏သွားများ ကျွတ်ထွက်သွားပုံကို မြင်ပြီး ကျန့်ကျင်းတစ်ယောက် အလွန်တရာ ဒေါသူပုန်ထသွားလေသည်။ ထို့နောက် သူသည် ရဲ့ချန်ဆီသို့ အလွန်တရာ ပြင်းထန်သည့် သတ်ဖြတ်ခြင်းအော်ရာများကို ထုတ်လွင့်လိုက်သည်။ “ တောက် … မင်း ငါ့ကို ဘာဖြစ်လို့ အလစ်၀င်တိုက်ရတာလဲ “ ကျန့်ကျင်းက ကျယ်လောင်စွာ အော်မေးလိုက်သည်။
ကျန့်ကျင်း၏ခန္ဓာကိုယ်တွင် အစိမ်းရောင်အော်ရာများ စတင်ဖုံးလွှမ်းလာတော့သည်။ ထိုအော်ရာများ ဖြာထွက်လာသောအခါ ဤနေရာတစ်ခွင်လုံး လေများ တဟူးဟူး တိုက်ခတ်လာတော့သည်။ အကြီးအကဲများကလည်း ကျန့်ကျင်းလုပ်သလို တစ်ပုံစံတည်း လုပ်လိုက်ကြသည်။
သူတို့အားလုံးသည် ကောင်းကင်ဘုံ ကောင်းကင်ဓားသိုင်းကွက်ကို တစ်ပြိုင်တည်း အသုံးပြုလိုက်ကြသည်။ ထို့နောက် ဓားခုနစ်ချောင်းဂိုဏ်း အုပ်စု၏အပေါ်တွင် စုစုပေါင်း ဓားနှစ်ဆယ့်လေးချောင်း ပေါ်ထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ဓားများ၏ပုံစံက အနည်းငယ် ခြားနားသွားလေသည်။ ယင်းက ယခင်ကထက် နည်းနည်း ပိုကြီးလာခြင်း ဖြစ်သည်။ “ မင်းတို့တွေ သေလိုက်တော့ “ ကျန့်ကျင်းက သူ၏ဓားခြောက်ချောင်းကို ဝေ့ယမ်းပြီး ရဲ့ချန် နှင့် ချင်းချမ်တို့ဆီ ပစ်လွှတ်လိုက်သည်။
ဓားခုနစ်ချောင်းဂိုဏ်းက အကြီးကဲသုံးယောက်ကလည်း သူတို့၏ဓားဆယ့်ရှစ်ချောင်းဖြင့် ရဲ့ချန် နှင့် ချင်းချမ်တို့ဆီ တိုက်ရိုက် ပစ်လွှတ်လိုက်လေသည်။
ထိုအရာကို မြင်လိုက်ရသော ချင်းချမ်သည် ဓားများ နီးကပ်လာသောအခါ ခုခံမှုပုံစံတစ်ခုကို တစ်မုဟုတ်ချင်း ခင်းကျင်းလိုက်သည်။ ကျန့်ကျင်း၏ဓားခြောက်ချောင်းက အစောကထက် အတော်လေး အားပြင်းနေပေသည်။
ယခုတော့ ဓားနှစ်ဆယ်ကျော်က သူတို့နှစ်ယောက်အနီးသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
“ ခင်ဗျား နောက်ဆုတ်နေ၊ ကျုပ်တစ်ယောက်တည်းပဲ ရင်ဆိုင်လိုက်မယ် “ ရဲ့ချန်က ချင်းချမ်ကို နောက်ဆုတ်နေရန် ပြောလိုက်သည်။ အကယ်၍ ချင်းချမ်သာ ပါနေခဲ့လျှင် ရဲ့ချန်အတွက် နောက်ဆံပင် တင်းနေရမည် မဟုတ်ပါလား။
“ ဂရုစိုက်ပါ၊ ဘာမှမဖြစ်စေနဲ့ “ ချင်းချမ်က သတိပေးလိုက်သည်။ သတိပေးစကား ပြောပြီးနောက် ချင်းချမ်က နောက်က ကွင်းပြင်ထဲသို့ ဆုတ်ခွာသွားသည်။ ထို့နောက် ရဲ့ချန်တို့ တိုက်ပွဲကို အနှောင့်အယှက် မဖြစ်စေရန် တတ်နိုင်သမျှ နောက်သို့ ဆက်လက် ဆုတ်ခွာလာခဲ့သည်။
ချင်းချမ်သည် မီးတောင်ကြားဂိုဏ်းက အကြီးကဲနှစ်ယောက်ကို လှည့်ပတ် ရှာဖွေလိုက်သောအခါ သူတို့နှစ်ယောက်ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့တော့ပေ။
မီးတောင်ကြားဂိုဏ်းက အခြားအကြီးကဲနှစ်ယောက်၏ အလောင်းကလည်း ပျောက်သွားပြီ ဖြစ်သည်။ “ တောက် … သူတို့နှစ်ယောက်က ငါတို့ကို ချောက်တွန်းသွားပြီ “ ထိုလူများက စေတနာနှင့် မထိုက်တန်ပေ။ သူတို့က ရဲ့ချန် နှင့် သူမတို့ကို ကူညီရန်ထက် ထွက်ပြေးခြင်းကိုသာ ရွေးချယ်သွားခဲ့သည် မဟုတ်ပါလား။
ချင်းချမ်သာ သူတို့၏စိတ်ဓာတ်ကို စောစောက ကြိုသိခဲ့လျှင် မီးတောင်ကြားဂိုဏ်းက လူများကို ကူညီရန် မဆိုထားနှင့် ဓားခုနစ်ချောင်းဂိုဏ်းက လူများလက်ချက်ဖြင့် အသက်ထွက်သွားမည်ကို ပျော်ပျော်ကြီး ထိုင်ကြည့်နေမည် ဖြစ်သည်။
မီးတောင်ကြားဂိုဏ်းကို စိတ်ထဲရှိသည့်အတိုင်း ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲပြီးနောက် ချင်းချမ်က ရဲ့ချန် နှင့် အကြီးကဲလေးယောက်တို့၏ တိုက်ပွဲကို ပြန်ကြည့်လိုက်သည်။
ထိုအချိန်တွင် ရဲ့ချန်က လေဓားနှစ်ဆယ့်လေးချောင်းကို လက်ဖြင့် တားဆီးလိုက်ပြီ ဖြစ်သည်။
ဓားခုနစ်ချောင်းဂိုဏ်းက လူများသည် သူတို့၏ဓားများကို ရှေ့သို့ ဆက်သွားရန် ထိန်းချုပ်ဖို့ ကြိုးစားနေသည်။ သူတို့၏လေဓားများကို မျက်လုံးဖြင့် မမြင်နိုင်သည့် အရာတစ်ခုက ဟန့်ထားတားခြင်း ဖြစ်သည်။ လေဓားအားလုံးက လေထဲတွင်ပင် တန့်နေသည် မဟုတ်ပါလား။
“ ဝှစ် … “ ရဲ့ချန်က လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။ ရဲ့ချန်က လက်ကို ဝေ့ယမ်းလိုက်သောအခါ ဓားအားလုံးက နောက်သို့ လွင့်ထွက်သွားကြသည်။ ထိုဓားများကို ထိန်းချုပ်နေသည့် လူများပင် နောက်သို့ လွင့်စင်သွားကြလေသည်။
“ အဟွတ် … အဟွတ် “ ဓားခုနစ်ချောင်းဂိုဏ်းက လူများက သွေးများထပ်အန်လိုက်ရသည်။ သူတို့အားလုံးသည် ဤကဲ့သို့သော လူတစ်ယောက်က သူတို့ကို အလွယ်တကူ တိုက်ခိုက်နိုင်သည်ကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
“ မင်းက ဘယ်သူလဲ၊ ဘာဖြစ်လို့ ငါတို့ဂိုဏ်းရဲ့ကိစ္စထဲကို ၀င်စွက်ဖက်ချင်ရတာလဲ “ ကျန့်ကျင်းက ထို့လူအား မည်သူဖြစ်ကြောင်း မေးမြန်းလိုက်၏။ ဤမျှ အားကောင်းသော လူတစ်ယောက်က သူတို့ဂိုဏ်း ကိစ္စကို အဘယ်ကြောင့် ၀င်စွက်ဖက်နေရသနည်း။
“ ဟားဟားဟား … ကျုပ်က သေတော့မယ့် လူတွေနဲ့ စကားပြောစရာ မလိုဘူးလေ “ ရဲ့ချန်က အော်ဟစ် ရယ်မောနေတော့သည်။
ကျန့်ကျင်းသည် သူယခင်က ပြောခဲ့သည့်စကားဖြင့်ပင် ပြန်လည် ချေပခံလိုက်ရပြီ ဖြစ်သည်။
“ မင်း … “ ကျန့်ကျင်းက ရဲ့ချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
“ ကောင်းတယ် … သိပ်ကောင်းတယ်၊ ဒီလိုဆိုမှတော့ ငါကလည်း မင်းကို ဒီတစ်ကြိမ် အတည်တိုက်ခိုက်တော့မယ် “ ကျန့်ကျင်းက လက်ဝါးနှစ်ဖက်ကို အုပ်ထားလိုက်သည်။ ထို့နောက် သူ၏မျက်လုံးကို မှိတ်ချပြီး ရဲ့ချန်တို့ နားမလည်သည့် စကားများကို ရွတ်ဆိုနေတော့သည်။
အချိန်တစ်ခဏခန့် ကြာပြီးသော် ကျန့်ကျင်း၏နဖူးမှ မျက်စိကျိန်းလုမတက် အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ ထိုအစိမ်းရောင် အလင်းတန်းများက ကျန့်ကျင်း၏ဒန်တျန်ထဲမှ လာခြင်းဖြစ်သည်။
ထို့နောက် အစိမ်းရောင် အလင်းတန်းများက ဓားတစ်ချောင်းပုံစံသို့ ဖွဲ့စည်းသွားကြပြီး လေးထုထဲတွင် လည်ပတ်နေတော့သည်။
“ ဒါက … “ ရဲ့ချန်သည် ကောင်းကင်ပေါ်တွင် လည်ပတ်နေသည့် ဓားတစ်ချောင်းကို မြင်လိုက်ရသည်။
ရဲ့ချန်သာ မမှားလျှင် ယင်းက ဓားစိတ်ဆန္ဒတစ်ခု ဖြစ်ပေသည်။ ဓားစိတ်ဆန္ဒသည် အသုံးပြုသူ၏ အသက်တစ်ချောင်းပင် ဖြစ်၏။ အမြဲတမ်းလိုလို ဓားစိတ်ဆန္ဒသည် စစ်မှန်သော ဓားသမားတစ်ယောက် ဖြစ်လာမည့် လမ်းစဉ်ကို လျှောက်လှမ်းသူတို့သာ ပိုင်ဆိုင်သည့်အရာ ဖြစ်ပေသည်။ ထိုဓားစိတ်ဆန္ဒသာ ပျက်စီးသွားခဲ့လျှင် အသုံးပြုသူ၏ဝိညာဉ်သည်လည်း ပျက်စီးသွားမည် ဖြစ်သည်။
ရဲ့ချန်သည် ကျန့်ကျင်းက သူ့ကို သတ်ရန်အတွက်နှင့် သူ၏အသက်ကို ရင်းမည်ဟု ထင်မှတ်မထားခဲ့ပေ။ အကြီးကဲ သုံးယောက်က ကျန့်ကျင်း၏ရှေ့တွင် ချက်ချင်း ရပ်နေလိုက်ကြသည်။ သူတို့သည် ရဲ့ချန်က ကျန့်ကျင်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား တိုက်ခိုက်ခွင့် ပြုမည်မဟုတ်ပေ။ ယခုချိန်တွင် ကျန့်ကျင်း၏ဝိညာဉ်က ဓားစိတ်ဆန္ဒထဲတွင် ရှိနေသည် မဟုတ်ပါလား။
လေထုထဲတွင် အချိန်တော်ကြာ လှည့်ပတ် ပျံသန်းပြီးနောက် ဓားစိတ်ဆန္ဒက ရဲ့ချန်ဆီသို့ ထိုးကျလာခဲ့သည်။ ထို့နောက် ဓားစိတ်ဆန္ဒက ရဲ့ချန်၏လည်ပင်းကို ဖြတ်ပိုင်းရန် တိုး၀င်လာခဲ့သည်။
“ မီးဓားတစ်သောင်း … “ ရဲ့ချန်၏ရှေ့တွင် မီးဓားတစ်ရာက ပေါ်လာတော့သည်။
“ ထန် … “ ကျန့်ကျင်း၏ဓားစိတ်ဆန္ဒ နှင့် ရဲ့ချန်၏မီးဓားတို့ ထိပ်တိုက် တွေ့ဆုံမိသွားကြသည်။ ရဲ့ချန်၏မီးဓားနှင့် ရင်ဆိုင်လိုက်ရသောအခါ ဓားစိတ်ဆန္ဒက တုန်ခါသွားလေသည်။
ကျန့်ကျင်း၏ပါးစပ်မှလည်း သွေးအနည်းငယ် ယိုစီးကျလာခဲ့သည်။
ချင်းချမ်သည် သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်မိသည်။ ရဲ့ချန်က မီးတောက် ဓားတစ်ရာလောက်ကို ဖန်းဆင်းလိုက်သည်ကို ကြည့်ရင်း သူမ မင်တက်မိနေလေသည်။
ဤကဲ့သို့ အဆင့်မြင့်သည့် ဓားပျံများကို သူမဘ၀တွင် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဓားခုနစ်ချောင်းဂိုဏ်းက အကြီးကဲသုံးယောက်သည်လည်း ရဲ့ချန်က ဓားပျံများကို ဖန်တီးလိုက်သည်ကို မြင်ပြီး ကြက်သေသေနေကြသည်။
“ ဟီဟီဟီ … အဲဒီဓားစိတ်ဆန္ဒကိုသာ ငါဖျက်ဆီးပြလိုက်ရင် သူတို့ ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါသိချင်စိတ် ဖြစ်လာပြီ “ ရဲ့ချန်က ဓားခုနစ်ချောင်းဂိုဏ်းက လူများကို ကြည့်ပြီး သဘောအကျကြီး ကျနေလေသည်။
“ မလုပ်နဲ့၊ မလုပ်နဲ့ “ ဓားခုနစ်ချောင်းဂိုဏ်းက လူများသည် ရဲ့ချန် လုပ်လိုက်သောအရာကို တားဆီးရန် ကြိုးစားလိုက်သည်။
ရဲ့ချန်သာ ဓားစိတ်ဆန္ဒကို ဖျက်ဆီးပစ်လိုက်ပါက ကျန့်ကျင်း၏ဝိညာဉ်ကလည်း ပျက်စီးပြီး သေဆုံးသွားမည် မဟုတ်ပါလား။
ရဲ့ချန်က ထိုကိစ္စကို အဘယ်ကြောင့် ခွင့်ပြုနိုင်မည်နည်း။ ရဲ့ချန်၏မီးဓားများက ကျန့်ကျင်း၏ဓားစိတ်ဆန္ဒဆီသို့ ပို၍ အရှိန်ပြင်းပြင်းနှင့် တိုး၀င်သွားလေသည်။
“ ချွတ် … ချွတ် … ချွတ် “ ရဲ့ချန်က ကျန့်ကျင်း၏ဓားစိတ်ဆန္ဒကို အစိတ်ပိုင်းများဖြစ်အောင် ဖြတ်ပိုင်းပစ်လိုက်လေသည်။
“ မဟုတ်ဘူး … “ ဓားခုနစ်ချောင်းဂိုဏ်းက အကြီးကဲသုံးယောက်က တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။
ဓားစိတ်ဆန္ဒက အစိတ်စိတ်အမွှာမွှာ ဖွာထွက်သွားပြီးနောက် ကျန့်ကျင်းတစ်ယောက် သွေးပွက်ပွက် အန်တော့သည်။ သူ၏မျက်လုံးများကလည်း ဖောင်းကားလာပြီး နောက်ဆုံးတော့ အသက်ထွက်သွားတော့သည်။
ထိုအရာကို မြင်လိုက်၇သော အကြီးကဲများသည် ကျန့်ကျင်းကို ကူညီရန် ကြိုးစားလိုက်ကြသည်။ “ ဒုတိယအကြီးကဲ၊ တောင့်ထားပါဦးဗျာ၊ ခင်ဗျား သေချာပေါက် အဆင်ပြေသွားမှာပါ “ အကြီးကဲတစ်ယောက်က ကျန့်ကျင်းကို ကုသပေးရန် ကြိုးစားနေသည်။
ကျန့်ကျင်း သေဆုံးသွားသည်ကို ကြည့်ရင်း အကြီးကဲသုံးယောက်တို့ အတော်လေး ၀မ်းနည်းသွားပြီး ဒေါသများ တလိပ်လိပ် ထွက်လာတော့သည်။ သူတို့တွင် ကျန့်ကျင်းအတွက် လက်စားချေပေးရမည့် တာ၀န် ရှိလာပြီ ဖြစ်သည်။
“ မျိုးမစစ်ကောင်၊ မင်းက ငါတို့လူတစ်ယောက်ကို သတ်ရဲတယ်ပေါ့ ဟုတ်လား၊ အေး ငါတို့ကလည်း ကျန့်ကျင်းရဲ့ သေဆုံးမှုအတွက် လက်စားပြန်ချေရမှ ကျေနပ်မယ်ကွ “ အကြီးကဲသုံးယောက်က ရဲ့ချန်ကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေကြလေသည်။
“ ခင်ဗျားတို့ကတော့ သူများတကာကို ဆန္ဒရှိသလို သတ်ဖြတ်နိုင်တယ်၊ ဒါပေမဲ့ ခင်ဗျားတို့က ပြန်အသတ်ခံရတော့ အဲဒီလူတွေကို မကောင်းပြောနေကြတယ်၊ ခင်ဗျားတို့က ကျုပ်ကို ဟာသတွေ လာပြောနေတာပဲ “ ရဲ့ချန်သည် ဓားခုနစ်ချောင်းဂိုဏ်း၏ အပြုအမူကို ဟားတိုက် ရယ်မောနေလေသည်။
“ သေလိုက်တော့ “ ဓားခုနစ်ချောင်းဂိုဏ်းက အကြီးကဲသုံးယောက်က ရဲ့ချန်ဆီသို့ မိုက်မိုက်ကန်းကန်း ပြေး၀င်လာတော့သည်။
“ ကျုပ်မှာ ခင်ဗျားတို့နဲ့ ဆော့ကစားနေဖို့ အချိန်မရှိဘူး၊ ဒီတော့ အဆုံသတ်လိုက်ရအောင် “ ရဲ့ချန်၏မီးဓားများက သူတို့၏နဖူးကို ထိုးဖောက်ပြီး ဒန်တျန်ထဲထိ တိုး၀င်သွားတော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now