" ရီ.. ဒီအန်တီနဲ့ လိုက်သွားနော်.. သူက မင်းလေးအတွက် စီစဉ်ပေးလိမ့်မယ် .." ရိုမန်၏ စကားအား ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ရင်း လာခေါ်သည့် အန်တီအား နှစ်လိုဖွယ် ပြုံးပြလိုက်သည့် ရီဗဲလ်ကြောင့် အစေခံများသည် ရီဗဲလ် အား သဘောကျသွားကြသည် ။  တစ်ခေါက်လာတိုင်း ပြဿနာတစ်ခုသယ်လာတတ်သည့် ရိုးလ်အစား သူတို့က ဒီကောင်လေးကို ပိုသဘောကျကျလေသည်။ စကားသိပ်မပြောသော်လည်း ချစ်စဖွယ် အပြုအမှုများဖြင့် လိုချင်သည်အဓိပ္ပာယ်ကို ‌ဖော်ပြတတ်သည့် ရီဗဲလ်ကြောင့် ဘေးနားရှိ အစေခံများမှာ အသဲတယားယား ဖြစ်နေကြသည်။
ရိုမန်က ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာနဲ့ ခပ်လှမ်းလှမ်းတွင် ရှိသည့် ဆိုဖာပေါ်တွင် ထိုင်ကာ စာဖတ်နေခဲ့သည် ။ ထိုအချိန်တွင် တံခါးဖွင့်သံကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ကာ တံခါးသည် လုံးဝမပွင့်သွားဘဲ ဟရုံတင်ဟကာ ခေါင်းလေးပြူတစ်ပြူတစ် ထွက်လာလေသည် ။
အခန်းထဲသို့ လေ့လာနေသည့် ရီဗဲလ်၏ အကြည့်က ဆိုဖာထက်က ရိုမန်ထံရောက်သွားခဲ့သည် ။ အိမ်မှာနေတာတောင် အနက်ရောင်ဝတ်စုံပြည့်နဲ့ ဖြစ်နေကာ မတူသည်က ထိုသူ၏ မျက်နှာထက်တွင် ရွှေကိုင်းမျက်မှန်တစ်ခုရှိနေခဲ့ခြင်းပင် ။ မျက်မှန်သည် ထိုသူ၏ ချောမောမှုကို မဖျက်ဆီးသွားခဲ့ဘဲ ပိုလို့ပင် ရင်ကျက်ကာ ယောင်္ကျားဆန်သည့် အငွေ့အသက် ကို ပေးလေသည်။ အတန်ကြာမှ ရီဗဲလ်က သူငေးမိသွားကြောင်း သတိဝင်လာကာ မျက်နှာများ နီရဲသွားလေသည်။
ဘန်း!!!
ရိုမန်သည် သူ့ရှေ့သို့ရောက်နေပြီဖြစ်သဖြင့် ရှက်သွားကာ တံခါးကို ဆောင့်ပိတ်ရင်း ထွက်ပြေးရန်ပြင်လိုက်သည် ။ ရိုမန်က ခပ်ဟဟရယ်လိုက်ကာ နောက်မှ ကောင်လေး၏ လည်ဂုတ်ကား လှမ်းကိုင်လိုက်သည် ။ သူက ရီဗဲလ်၏ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်ကာ ဘေးနားက အစေခံများကို ကြည့်လိုက်သည် ။
" သခင်လေးရီက ဒီတစ်ခုကိုဘဲ ကြိုက်တယ်ဆိုလို့ အသစ်တွေ မဝတ်ချင်ဘူးတဲ့ " အစေခံနဲ့ စကားကြောင့် ရီဗဲလ်၏ မျက်နှာက ပိုရဲတွတ်သွားသော်လည်း ထိုကောင်လေးက ထောက်ခံသည့် ‌သဘောဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေခြင်းကြောင့် ရိုမန်က ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့သည်။