အပိုင်း ( ၆၅ ) ( Zawgyi )

Start from the beginning
                                    

နာကျင်စွာ နင့်နင့်သည်းသည်းရယ်မောလိုက်သံနှင့်အတူ မျက်ဝန်းထောင့်စွန်းမှ ကြွေလွင့်သွားရှာပြီဖြစ်သော မျက်ရည်တစ်စက် ... ။

အနည်းငယ်တိုတောင်းစပြုနေသည့် စီးကရက်ကို နှုတ်ခမ်း၌တေ့ကာ ခပ်ပြင်းပြင်းတစ်ချက်ဖွာရှိုက်လိုက်သည်။ မှုတ်ထုတ်လိုက်သော စီးကရက်ငွေ့များကမူ သိပ်ကြာရှည်မခံဘဲ လေထုထဲ၌ပင် အစအနရှာမရအောင် ပျောက်ကွယ်သွားလေတော့သည်။

အကာအကွယ်မရှိသော ဝရန်တာ၌ ရပ်နေသည်မို့ အေးမြမြဆောင်းလေသွေး၏တဟုန်ထိုးတိုက်စစ်ဆင်သည့်ဒဏ်ကို အလူးအလဲခံစားနေရသည်။

အဝတ်စကင်းလွတ်နေသည့် လက်မောင်းသားတစ်လျှောက်နှင့် မျက်နှာတစ်ပြင်လုံးက ဆောင်းလေနုအေး၏ပြင်းထန်‌သော ရိုက်ခတ်မှုဒဏ်ကြောင့် ရေခဲတုံးကဲ့သို့ အေးစက်စပြုနေချေပြီ။

သို့သော် အေးစက်မှုအား သူ နည်းနည်းလေးမျှပင် မခံစားရ။ အေးစက်သည့်ခံစားချက်က ဘယ်လိုမျိုးလဲဟုပြန်မေးရလောက်သည့်အထိ ယခုချိန်မှာ သူ့တစ်ကိုယ်လုံးက ခံစားချက်မရှိဘဲ ထုံကျင်နေသည်။ အတွေးထဲ၌လည်း အရာအားလုံးက ဗလာဟင်းလင်းဖြစ်နေသည်။

ဒီညတော့ သူ ဆေးရုံမှာ အိပ်ဖို့အစီအစဉ်မရှိ‌ပေ။ ထို့ကြောင့် တစ်ညနေလုံး ဈာန့်ကို ပြုစုလုပ်ကိုင်ပေးပြီးသည်နှင့် အိမ်သို့ ချက်ချင်းပြန်လာခဲ့လိုက်သည်။ အိမ်ပြန်အိပ်ချင်ကြောင်း ဈာန့်ကို ခွင့်တောင်းတော့လည်း ဈာန်က ငြူစူခြင်းကင်းမဲ့စွာ အပြုံးယဲ့ယဲ့ဖြင့် ခွင့်ပြုရှာသည်။

မနက်ဖြန် ရွာကိုပြန်ဖို့အတွက် ထုတ်ပိုးသိမ်းဆည်းစရာတွေ ရှိသေးသည်။ ဒီတစ်ခေါက်တော့ အင်းကံရွာကို အပြီးပြန်မှာဖြစ်သောကြောင့် ထုတ်ပိုးစရာတွေက သိပ်ကိုများလွန်းသည်။ ထို့အတွက် သူ့မှာ အချိန်များများလိုအပ်သည်။

သို့သော် အိမ်ပြန်ရောက်ရောက်ချင်းကတည်းက ဝရန်တာ၌ ရပ်ကာ စီးကရက်သောက်နေမိသောကြောင့် ယခုအချိန်ထိ ဘာတစ်ခုမှ မထုတ်ပိုးရသေးပေ။

သူ ဆေးလိပ်ပြန်သောက်နေတာကိုသာ ဈာန် သိသွားရင် အရမ်းဒေါသထွက်ပြီး ဆူပူအော်ငေါက်မှာ ကျိန်းသေသည်။ သို့ပေမဲ့လည်း ဈာန် သိနိုင်မှာမှ မဟုတ်တာ။ အခု သူ့ဘေးနားမှာ ဈာန် မရှိဘူးလေ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now