(5)

122 30 8
                                    

[Unicode]

"နှစ်ဝက်စာမေးပွဲကလည်း နီးလာပြီဆိုတော့
ဆရာမ မင်းတို့ကို စာအတူလုပ်ဖို့အတွက်
လေးယောက်တစ်ဖွဲ့ဆီ အဖွဲ့လေးတွေခွဲပေးဖို့
စဉ်းစားထားတယ်။ အခန်းထဲမှာက
အယောက်၄၀ဆိုတော့ စုစုပေါင်းဆယ်ဖွဲ့ပေါ့။
တစ်ဖွဲ့ချင်းဆီတိုင်းမှာ စာရတဲ့လူ၊ မရတဲ့လူ
မျှတအောင်ပါမယ်။ အတန်းသားအချင်းချင်း
တစ်ယောက်နဲ့တစ်ယောက် စာလုပ်ဖြစ်အောင်
ကူညီပေးကြရမယ်။ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ ဆရာမ"

တစ်ယောက်တည်း တောက်ပချင်သည့်
ကျောင်းသားနှစ်ယောက်၊ သုံးယောက်လောက်ကလွဲ၍

တစ်ခန်းလုံးရှိ ကျောင်းသားကျောင်းသူအားလုံးက တညီတညွတ်တည်း နာခံစကားပြန်ပြောကြတော့
ဆရာမက ကျေနပ်စွာပြုံးသည်။

ထို့နောက် ခိုင်ခန့်ထိုင်နေသည့်ဘက်သို့
လှမ်းကြည့်လိုက်ရင်း...

"ခိုင်ခန့် သားကနေ့လည်အားလပ်ချိန်ကျရင်
အဖွဲ့ခွဲပေးထားတဲ့ နာမည်စာရင်းတွေ လာယူလိုက်နော်။"

"ဟုတ်။"

-

-

လေးယောက်တစ်ဖွဲ့ဆီဖွဲ့ထားသည့် နာမည်စာရင်းတွေ
ရလာတော့ ခိုင်ခန့်၊ သားဦး၊ မင်းသူနှင့် ဝေယံဦးတို့က
တစ်ဖွဲ့တည်းကျသည်။ သားဦးနှင့်အဖွဲ့မတူဘဲ
တခြားအဖွဲ့ထဲရောက်သွားတာမို့ အံ့မှူးသော်ကမူ
မျက်နှာသိပ်မကောင်း။

"ကောက်ကောက်.. ငါတို့အဖွဲ့ထဲ ပြောင်းခဲ့ပါလား။"

သားဦးရဲ့ ခပ်ကျဉ်းကျဉ်း ပုခုံးလေးပေါ်
ခေါင်းမှီထားသည့် အံ့မှူးသော်က ချွဲချွဲပြီး
တောင်းဆိုတော့ သားဦးလည်း စိတ်မကောင်းပေ။
သို့ပေမဲ့ သက်ပြင်းချပြီး ခေါင်းယမ်းရုံသာ
တတ်နိုင်သည်။

ခိုင်ခန့်နဲ့တစ်ဖွဲ့တည်းကျလို့ ပျော်နေပေမဲ့
အံ့မှူးသော်နဲ့ အဖွဲ့ကွဲသွားပြန်တော့လည်း
စိတ်မကောင်းဖြစ်မိသည်။ အံ့မှူးသော်က
သူ့ကို အတော်လေးခင်ရှာတာမလား။

Falling in love with a crazy little boyOn viuen les histories. Descobreix ara