(4)

137 32 5
                                    

[Unicode]

"ဆူမနေပါနဲ့တော့ မိန်းမရာ။ ပျောက်သွားတဲ့စက်ဘီးလည်း ပြန်ရလာမှာမှ မဟုတ်တာ"

"တိတ်!ကျွန်မ ဆုံးမနေရင် ရှင် ဝင်ဝင်မပါနဲ့။"

ဒေါ်ထားထားဆူလိုက်တာနဲ့တပြိုင်နက်
ဦးမြင့်ဦးရဲ့ ပါးစပ်ကလေး တိခနဲပိတ်သွားသည်။
သားဦးသည် အဖေဖြစ်သူအား
မျက်စောင်းသေးသေးလေးတစ်ချက် ခိုးထိုးလိုက်မိ၏။
နည်းနည်းလေးတောင် အားကိုးလို့မရတာပါလား။
ဖေကြီးဟာ စံပြမ.ယ.က။

"ဖိုးသား! နင်တစ်နေရာမှ အချိုးမပြေဘူးနော်။
ပေါ့တီးပေါ့ပျက်နဲ့ စက်ဘီးလည်း ပျောက်လာတယ်။ ခြေထောက်မှာလည်း အရှိုးရာချည်းပဲ။ ပြီးတော့
ကိုယ့်အပြစ်နဲ့ကိုယ် အိမ်ပြန်မလာဘဲ
ထိုင်တောင်ငိုနေရသေးသတဲ့။ ခိုင်ခန့်လေးသာ
လိုက်မပို့ပေးရင် နင်တစ်ညလုံး ကျောင်းမှာပဲ
ထိုင်ငိုနေမှာလား.. ဟမ် ဖိုးသား"

"•••••"

အမေဖြစ်သူက အရိုက်ခံထားရသည့်
ခြေထောက်နှစ်ဖက်အား ဆေးလိမ်းပေးရင်း
ဗျစ်တီးဗျစ်တောက်ဆူနေစဉ် သားဦးကတော့
ခေါင်းကိုအတင်းငုံ့ကာ နှုတ်ခမ်းအတွင်းသားကို
ကိုက်ထားလျက် ငြိမ်သက်တိတ်ဆိတ်နေသည်။

ငိုတာတော့ မငို။ တကယ်လည်း ဝမ်းမနည်း။
အချစ်က အိမ်တိုင်ရာရောက် ကျောပိုးပြီး
လိုက်ပို့ပေးသွားတာမို့ ရင်ထဲမှာ အဝါရောင်ပန်းတွေက
အခင်းလိုက်ကြီးအပြည့် ပွင့်လို့နေကြသည်။

မေကြီးတို့ရှေ့မို့သာ ထိန်းထိန်းသိမ်းသိမ်းလေးနှင့် အယောင်ဆောင် မှိုင်ပြနေရခြင်းဖြစ်၏။

"စာလုပ်ပါဟဲ့ စာကျက်ပါဟဲ့ဆိုပြီး နောက်ကနေ
မအေက တတွတ်တွတ်လိုက်ပြောနေလည်း မလုပ်ဘူး။
မလေးစားတာလေ။ ငါကဒီဘက်ကနေပြောရင်
သူကဟိုဘက်နားကနေ ပြန်ထွက်။
နောက်တစ်ခါဆိုရင်တော့ နင့်ကိုအရှိုးရာထင်ရုံ
မဟုတ်ဘူး။ ခြေထောက်တွေကျိုးတဲ့အထိ
ရိုက်ခိုင်းဦးမယ်"

သားဦး လှစ်ခနဲ ခိုးပြုံးလိုက်မိသည်။
အချစ်က သူ့ရဲ့heroကြီး။ နားအူအောင်
အဆူခံရမှာကို စိုးရိမ်လို့ထင်၏။
လိပ်ကနေ ဂျပိုးဖြစ်အောင် ပြောပေးသွားသည်။

Falling in love with a crazy little boyWhere stories live. Discover now