"ဖေဖေ..."
"အွန်း ပြော သား..."
သူက ပခုံးလေးကိုသိုင်းဖက်ကာ ကြည်လင်နေသောမျက်နှာလေးကိုကြည့်ပြီး စိတ်အားထက်သန်စွာပြန်မေးလိုက်လျှင် နေသန်က ပခုံးပေါ်ကသူ့လက်ကိုထပ်ကိုင်ကာ
"နိုရာက ဖေဖေမသိအောင် ခိုးလုပ်တာရယ်လို့တော့မဟုတ်ဘူး...။ဖေဖေစိတ်ပူမှာစိုးလို့ သူ မပြောရဲသေးတာ..."
ချက်ချင်းကို ကာကွယ်ပြောဆိုပေးလာသည့် ရှေ့နေကြီးနေသန်အား သူက ကျေနပ်အားရစွာပြုံးကြည့်လိုက္မိရင်း
"အွန်း ဖေဖေသိတယ်..."
သူ့လေသံနှင့် သူ့မျက်နှာပေါ်ကအပြုံးကို နေသန်က ငယ်ငယ်လေးကတည်းကနေ အခုထက်ထိမပျောက်ပျက်သေးသည့် သူ့ကိုချစ်ခင်လွန်းသောမျက်ဝန်းလေးတွေနှင့် ပြန်ကြည့်လာသည်။သူနှင့် အရွယ်ရောက်လေတူလေဖြစ်လာသည့်သားသည် ရုပ်ရည်ကသာတူလှသော်လည်း အကျင့်စရိုက်ကတော့ သူနှင့်ကွဲပြားစွာ တည်ငြိမ်အေးဆေးသည်။ဆယ်နှစ်သားအရွယ်နှင့်မလိုက်အောင် တည်ကြည်လွန်းသောပုံစံကြောင့် သူ့သားကိုတွေ့သည့်လူတိုင်းက ကလေးလိုမဆက်ဆံဘဲ သူနှင့်တန်းတူသဘောထားကာ ဆက်ဆံမိကြသည်။သို့သော် သူလိုမျိုး တည်တင်းလှသည့်အချေပုံစံမျိုးမဟုတ်ဘဲ မြင်လိုက်သည်နှင့် မျက်နှာလေးမှာ စိတ်ရင်းကောင်းမှန်းသိသာကာ အကြည်ဓာတ်ကလေးကိန်းအောင်းနေသောပုံစံမျိုးပင်။အထူးသဖြင့် မျက်လုံးလေးတွေက အောက်ခြေကို အဆုံးထိအရှင်းမြင်နေရသည့် ရေကန်ထဲမှ ဖန်ပုတီးလုံးလေးကဲ့သို့ စိတ်ကိုရှင်းနေအောင်ထားကာ လူအများကို လွတ်လပ်သန့်စင်သောစိတ်ဓာတ်မျိုး၊နှလုံးသားမျိုးဖြင့် ဆက်ဆံတတ်သော နေသန်သာပင်။
ကျောင်းပညာရေးမှာလည်း သူတို့အတန်းတင်သာမက တန်းခွဲအားလုံး၏ ပထမနေရာကို အမြဲယူထားလေ့ရှိသောနေသန်သည် သူ့ကိုတွေ့လိုက်ရလျှင် လက်ထဲမှာ စာအုပ်တစ်အုပ်က အမြဲရှိနေတတ်သည်။ကျောင်းစာအုပ်တော့မဟုတ်ဘဲ သူနှစ်သက်ရာ ပြင်ပဗဟုသုတစာအုပ်များသာဖြစ်ကာ ထိုကဲ့သို့ စာဖတ်မပျက်ပင် သူ့နေရာကို ပေါ့ပေါ့ပါးပါးထိန်းသိမ်းထားသည်က သူ့ရဲ့မာစတာဘရိန်းကြောင့်သာပင် ဖြစ်ပေလိမ့်မည်။နိုရာပြောသော Silent Hyper ကြီးနေသန်က ချွေးမထွက်အောင်နေသည့် ငြိမ်ငြိမ်ကုပ်ကုပ်စာဂျပိုးတော့လည်းမဟုတ်ပြန်။ပေါက်ကျော်မလေးနိုရာနှင့်အတူ ကရာတေးသာမက မောင်နှမနှစ်ယောက်သား အားလျှင်အားသလို ကိုညီတို့ရွာကိုသွားကာ ရှမ်းရိုးရာသိုင်းပညာက သွားသင်ကြသေးသည်။ဆိုရလျှင်တော့ နေသန်ဆိုသည်မှာ လက်သည်းဖွက်ထားသည့်ကြောင်ဖြူလေးကဲ့သို့ ပျော့လျှင်ဖယောင်း မာလျှင်သံချောင်းပင် ဖြစ်ပေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Types
Start from the beginning
