ဘတ်စကက်ဘောပြီးတော့ စကိတ်၊စကိတ်ပြီးတော့ ဆိုင်ကယ်၊ဆိုင်ကယ်ပြီးတော့ ကား။ဘယ်ပြိုင်ပွဲမှမလွတ်စေခဲ့ရဘဲ ဆယ်ကျော်သက်ဘဝ၏လွတ်လပ်ခွင့်ကို အပြည့်အဝအသုံးချခဲ့သည်သာဖြစ်လေသည်။ထိုသို့သောအချိန်တွေတုန်းက သူ့မေမေစိတ်ပူ၍ပြောဆိုသောစကားတိုင်းအား သူက မလိုအပ်ဘဲ ဆူပူနေသည်ဟုထင်ခဲ့မိသည်။စိတ်ထဲတွင်တွေးလေ့ရှိသည်မှာ မေမေတို့က တစ်ခုခုဆို စိတ်ပူဖို့လောက်ပဲသိတယ် ဟူသောစကားပင်။
အခု သူကိုယ်တိုင်မိဘဖြစ်လာသောအချိန်မှာတော့
သူကရော ဘာထူးလဲ.....။
တစ်ချိန်လုံးအရိပ်ကြည့်ကာ စိုးရိမ်ပူပန်နေရင်း တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းနေရသည်။မိဘနေရာရောက်လာချိန်မှာ စိတ်ပူဖို့လောက်ပဲသိတယ် ဆိုသော စကား၏အဓိပ္ပာယ်အား ရင်နှင့်ရင်းကာ သိရှိနားလည်ရုံသာမက ကိုယ်တိုင်ကြုံတွေ့ခံစားနေရလေပြီ။
သူ တကယ်ပဲ ကလေးတွေနှင့်ပတ်သက်လျှင် စိတ်ပူဖို့လောက်သာ သိသောလူစားမျိုးပင်။
ပြီးလျှင် သူနှင့်တစ်ပုံစံတည်းတူသောသူ့သမီးသည် အမေဖြစ်သူ၏သွေးတွေနှင့်ပေါင်းစပ်၍ သူ့ထက်ပိုစွာ လိမ္မာပါးနပ်ပြီး သွက်လက်လွန်းသည်။သူငယ်ငယ်က မိဘကို အကျိုးသင့်အကြောင်းသင့်နားလည်အောင်ရှင်းပြကာ ဖြစ်ချင်တာကိုလက်ခံလာအောင် ပြုမူတတ်သောအကျင့်သည် သူအမွေမပေးဘဲနှင့်ကို ရပြီးနေပြီ။ထို့ကြောင့် သူ့မိဘတွေတုန်းက သူ့အပြောတွေ၊သူ့ဆန္ဒတွေအောက္မှာ အလျှော့ပေးလိုက်လျောခဲ့ရသလို အခုချိန်မှာ သူသည်လည်း သမီးဆန္ဒတွေကို မငြင်းဆန်နိုင်စွာဖြင့် လိုက်လျောရပေဦးမည်။
ကျွတ်..ခက်ချေပြီ...။
မည်သို့ပင်ဆိုစေကာမူ သူ့ကို မျှော်လင့်ချက်တွေနှင့်တဖျတ်ဖျတ်လက်ကာ စောင့်မျှော်ကြည့်ရှုနေသော မျက်လုံးလေးတွေက သူ့ရဲ့တစ်ကိုယ်ရည်စာအတ္တနှင့် စိုးရိမ်ပူပန်မှုတို့ကို အရှိန်ညီးညီးတောင်လောင်နေသောမီးပုံထဲသို့ ရေခဲတုံးတစ်တုံးပစ်ထည့်လိုက်သလိုပင် တစ်ချက်တည်းနှင့် အရည်ဖျော်ချလိုက်လေသည်။သို့နှင့် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိရင်း ပခုံးကျော်နေပြီဖြစ်သည့် ဆံနွယ်ညိုလေးတွေကို ညင်သာစွာထိတွေ့ကိုင်တွယ်ကာ သပ်တင်ပေးပြီးလျှင် သူ့ရဲ့အမွေခံမျက်ဝန်းလေးတွေအား တည့်တည့်စိုက်ကြည့်လိုက်သည်။ထိုအခါ အပြန်အလှန်အကြည့်ချင်းဆုံနေကြသော အကြီးစားသောက်ရှူးကြယ်နှင့် ဂျူနီယာသောက်ရှူးကြယ်လေးတို့သည် တစ်ဖက်က မျှော်လင့်ချက်တွေနှင့်တောက်ပနေရင်း တစ်ဖက်ကတော့ မေတ္တာရိပ်တို့နှင့်သိုင်းခြုံနေပေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Types
Start from the beginning
