"ကလေးလေးတွေပါတယ်ဆိုတော့ သမီးကရော ကလေးမဟုတ်လို့လား...။အခုမှ ဆယ်နှစ်ပဲရှိသေးတယ်လေ..၊ကလေးပဲရှိသေးတယ်...။အဲ့လိုမျိုးတောလမ်းတွေကို လက်လွတ်စပယ်သွားလို့ရတဲ့အရွယ် မဟုတ်သေးဘူး..."

ထိုအခါ သူ့စကားကို ခါးလေးပါမတ်ကာ အသေအချာရှင်းပြတော့မည့်ပုံစံလုပ်ရင်း စူးရှရှမျက်ဝန်းလေးတွေက သူ့ကိုတည့်တည့်စိုက်ကြည့်ပြီးလျှင် ကျကျနနပင်ရှင်းပြလာသည်။

"ကလေးလေးတွေက ငါးနှစ်ကနေ ရှစ်နှစ်က အကြီးဆုံးပဲ ဖေဖေရဲ့..။နိုရာ့ထက်ငယ်တယ်...။ပြီးတော့လေ..တောလမ်းဆိုတာ အန္တရာယ်များတဲ့တောလမ်းတွေက​နေ ခေါ်သွားတာမဟုတ်ဘူး...။ပြေပြေပြစ်ပြစ်ရှိတဲ့ တောင်တက်လမ်းလေးတွေကနေ ခေါ်သွားပေးတာ...။နိုရာရွေးထားတာက အခုလောလောဆယ် လမ်းကြောင်းသုံးခုရှိတယ်...။တောင်တက်လမ်းရယ်၊ Organic စိုက်ခင်းရယ်၊မွေးမြူရေးခြံလမ်းရယ်...။အပင်လေးတွေကြိုက်တတ်ရင် Organic ခြံလမ်း..၊အကောင်လေးတွေချစ်ရင် မွေးမြူရေးခြံလမ်း..၊နိုရာ့လို တောတွေတောင်တွေကြိုက်ရင် တောင်တက်လမ်း...။အဲ့ထဲကမှ အခုကလေးလေးတွေက အကောင်လေးတွေချစ်တတ်တော့ မွေးမြူရေးခြံတွေရှိတဲ့လမ်းကြောင်းကနေ သွားလိုက်တာ...။နွားခြံမှာတောင် ကိုယ်တိုင်နွားနို့ညှစ်ခဲ့လို့ တစ်ဘူးရလာသေးတယ်...။မေမေ့ကို ညကျရင် အဲ့ဒါကြိုတိုက်ဖို့ပေးထားတယ်...။ဖေဖေလဲသောက်နော်...၊အားရှိအောင်လို့ အဟီး..."

သူ့ရှေ့တွင် ချစ်စဖွယ်မျက်နှာလေးနှင့် တရှည်တလျား စီကာပတ်ကုံးရှင်းပြကာ ဖြစ်ချင်တာကို သူ့ဘက်ကလိုက်လျောပေးစေရန် ကြိုးစားနေသောသမီးငယ်ကိုကြည့်ရင်း အတွေးတွေကပျံ့လွင့်သွားရသည်။

သူငယ်စဉ်က အထူးသဖြင့် သမီးလိုဆယ်နှစ်သားအရွယ်ကတည်းက မိဘစကားကိုဆန့်ကျင်ကာ ပထမဆုံးလုပ်ခဲ့သောအလုပ်သည် ဘတ်စကက်ဘောကစားခြင်းပင်ဖြစ်သည်။တစ်ဦးတည်းသောသားဖြစ်သောကြောင့် အစိုးရိမ်ကြီးတတ်သောသူ့မေမေက အားကစားလုပ်တာမျိုးနှင့် ခန္ဓာကိုယ်ထိခိုက်စေမည့်အလုပ်မျိုးတွေကို တတ်နိုင်သမျှ​ရှောင်ရှားစေသည်။မေမေ့သဘောဆန္ဒအရကတော့ တည်တည်တံ့တံ့နှင့်ငြိမ်ငြိမ်လေးနေကာ စာလုပ်စရာရှိတာလုပ်ပြီး အေးအေးဆေးဆေး၊အိန္ဒြေရရနေသွားစေချင်တာပင်။သို့သော် ငယ်စဉ်ကတည်းကနေ အခုချိန်ထိ သူနေချင်သောပုံစံ၊သူဖြစ်ချင်သောဆန္ဒတွေအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း နောက္မဆုတ်ဘဲရှေ့ဆက်ခဲ့သည်မှာ ယခု သူ့ရှေ့မှာရှိနေသည့် သူ့သမီး၏ဇွဲနပဲအတိုင်းပင်။

You are the only Exception!Where stories live. Discover now