သူမက ပြောပြဖို့အတွက်ကို ရင်ခွင်ထဲကနေထွက်ကာ မျက်နှာချင်းဆိုင်လိုက်ရင်း သူ့မျက်နှာကိုသေချာကြည့်လိုက်သည်။ပြီးလျှင် လက်တွေက သူ့ရဲ့လက္မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်ရင်းမှ သေသေချာချာပင် ပြောပြပေးဖို့ ဟန်ပြင်လိုက်သည်။သူမကိုထွေးပွေ့ထားသည့် သူ့လက်တွေကတော့ ဆက်ပြီးပွေ့ဖက်ထားကာ ပြန်မလွှတ်သေးပေ။

"နိုရာက ကိုသိတဲ့အတိုင်းပဲ..၊ငယ်ငယ်ကတည်းက ဒီလိုမျိုးတွေကို အရမ်းစိတ်ဝင်စားတယ်မို့လား...။သူ့နဂိုဗီဇကိုက သွက်လက်တက်ကြွတဲ့ကလေးဆိုတော့ လှုပ်ရှားသွားလာနေရတဲ့အလုပ်တွေကို တအားလုပ်ချင်စိတ်ရှိတာလေ...။ခရီးသွားရတာ..၊နေရာဒေသအသစ်တွေသွားရတာ..၊တောတောင်တွေကြားထဲသွားရတာကို အရမ်းကြိုက်တဲ့ကလေး..."

သိပြီးသားကလေးအဖေရှေ့မှာ စကားပလ္လင်တွေအများကြီးခံနေကတည်းက သူမ တစ်ခုခုတောင်းဆိုတော့မည်ဆိုတာ သူသိနေပြီ။သို့သော် ဘယ်လိုအကြောင်းအရာမျိုးပင်ဖြစ်နေပါစေ..၊အခုချိန်မှာ သူ့ဘက်ကနေ ကန့်ကွက်ဖို့ဆိုသောစိတ်ကူးက မရှိတော့ချေ။ထပ်ပြီး မိန်းမနှင့်ကလေးတွေ၏ အပယ်ခံမဖြစ်ချင်။ထို့‌ကြောင့် အရင်ဆုံးသဘောတူလိုက်ပြီး ဘာဆိုတာသိရမှ သူ့ဘက်ကနေ ကိုင်တွယ်စရာရှိသည်ကို ကိုင်တွယ်ရပေမည်။

"အွန်း..."

သူက တစ်ချက်ထောက်ခံပေးလိုက်လျှင် သူမကလည်း အေးဆေးစွာပင် ဆက်၍ပြောလာလေသည်။

"သူ ဒီလိုလုပ်ချင်တယ်လို့ပြောတာ ဟိုးအရင် သူသိတတ်စကတည်းက တောက်လျှောက်ပြောလာခဲ့တာလေ...၊ကိုလဲသိနေတာပဲ...။အခုက အသက်အရွယ်အရလဲ အတော်အတန်သိတတ်နေပြီ...။သူ့ကိုယ်သူလဲ အနည်းအကျဉ်းစောင့်ရှောက်နိုင်နေပြီ...။သူ့တာဝန်သူလဲ အပြည့်အဝယူတတ်နေပြီ...။အဲ့ဒါကြောင့်မို့ လုပ်ကြည့်ခိုင်းလိုက်တာ..."

သူ့ကိုယ်သူ အနည်းအကျဉ်းပဲစောင့်ရှောက်နိုင်သေးလို့ ခက်နေတာပေါ့ သဲရယ်...။

သူက စိတ်ထဲကနေပင်ပြောကာ အပြင်မှာတော့ ခေါင်းညိတ်ပြလိုက်သည်။

"ကို့ကို အသိမပေးသေးတာက လောလောဆယ် သဲကိုယ်တိုင်ကလဲ စမ်းသပ်ဆဲကာလမို့လို့..။ကလေးကို အပြည့်အဝ ခွင့်ပြုချက္မပေးရသေးဘူး...။လုပ်ကြည့်လို့အဆင်ပြေတယ်ဆိုမှ ဖေဖေ့ကိုပြောပြီးတော့ သေချာတဲ့ခွင့်ပြုချက်ပေးမယ်လို့ပြောထားတာ...။သူလုပ်ချင်တာ အရင်လုပ်ကြည့်စေချင်သေးလို့..။ပြီးတော့..."

You are the only Exception!Where stories live. Discover now