ဟူး.....။
ဒေါသထွက်ထွက်ဖြင့် ပါးစပ်ထဲမှာ စုနေသော လေပူကြီးကို အားရပါးရ မှုတ်ထုတ်ပစ်လိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။
ဟိုလူကလည်း လူကို သူ့အတွင်းရေးမှူးနဲ့များ မှားနေတာလားမသိ။ ကော်ဖီဖျော်ခိုင်းလိုက် ၊ မုန့်ယူခိုင်းလိုက်နှင့် အေးအေးဆေးဆေးကိုမနေရ။ Internဆင်းလို့ အတွေ့အကြုံရတာထက် သူခိုင်းစားသမျှ လုပ်ရတာက ပိုများနေသည်။
ထို့ပြင် ထိုဘဲကြီးက ကက်ကက်လန်အောင် စွာတတ်သေးရုံမက ယခုလို အာဏာပါဝါကို အသုံးချ၍လည်း ယုတ်မာတတ်သေးသည်။
တစ်စက်ကလေးသော်မျှ ကောင်းကွက်မရှိသည့်လူပင်။
မျက်နှာရှစ်ခေါက်ချိုးနှင့် ရုံးခန်းထဲရောက်သွားတော့ သူ့အလာကို စောင့်နေဟန်ရှိသောလူကြီးက နောက်မှီကိုမှီလျက် ပြုံးတုံ့တုံ့ဖြင့် ကြည့်နေသည်။
ရုပ်ကိုက 'မင်းဘယ်လောက်ဆိုးဆိုး အခုတော့ ငါခိုင်းသမျှ လုပ်နေရတာပဲမလား'ဟူသည့် မျက်နှာထားမျိုး။
"ရာရာ"
"ကျစ် ခင်ဗျားကို အဲဒီမိန်းမလိုမိန်းမရ နာမည်ကြီးကို မခေါ်ပါနဲ့လို့ ကျွန်တော် ဘယ်နှခါပြောရမလဲ"
"နို့ ကိုယ်က ဘယ်လိုခေါ်ရမှာလဲ"
မျက်ခုံးပင့်ပြီး မေးလာတဲ့လူကြီးက ကိုယ့်အထက်လူကြီးသာ မဟုတ်ဘူးဆိုလျှင် ပခုံးကနေ ကိုင်ဆောင့်ပြီး နံရိုးတွေပါ ချိုးပစ်ပြီးလောက်ပြီ။ ဘယ်လို အကုသိုလ်အကျိုးပေးတွေမှန်းမသိ။
"ခေါ်တာ ဘာကိစ္စလဲ"
ဘောက်ဆတ်ဆတ်မေးမိတော့ သဘောမကျသလို မျက်မှောင်ကြုတ်သွားသည်။
"ရာရာ..စကားကို ရိုင်းရိုင်းမပြောစမ်းနဲ့"
"ကျွန်တော့်ပါးစပ်နဲ့ကျွန်တော်ပြောတာလေ..ခင်ဗျားနဲ့ ဘာဆိုင်လို့တုံး"
"ဒါဆို ဆိုင်အောင် လုပ်လိုက်ကြမလား"
သူ့မျက်နှာကို ရေနွေးနဲ့ အလောင်းခံလိုက်ရသလို ပူထူသွားသည်။ ဒီလူကြီးက ဘာဇယားတွေ လာခင်းနေပြန်တာလဲ။