ပန်းပွင့်လေးတွေကို ငိုကြွေးစေနိုင်တဲ့ ဟိုင်ဘရီဒါတွေဟာ ရှားပါးသလောက် ညှို့အားပြင်းတဲ့အလှကို ပိုင်ဆိုင်တယ်။ ဒီလိုအလှကို တက်မက်ကြတာမို့ပဲ ဟိုက်ဘရီဒါမှန်ရင် ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ရတဲ့ သီချင်းသည် ကချေသည်တွေ ဖြစ်လာကြတယ် ။ အဆိုးဝါးဆုံးအခြေအနေ ဆိုရင် အသုံးတော်ခံ ပြည့်တန်ဆာတောင် ဖြစ်သွားနိုင်လေရဲ့ ။

ပုံပြင်လေးဟာ ဒီနေရာမှာ အစပြုတယ် ။

ဒီပုံပြင်ဟာ ရှက်ရွံ့တတ်သော ဟိုက်ဘရီဒါလေးတယောက် ရဲ့ ပုံပြင်ပါပဲ  ။
နာကျင်မှုတွေ လွမ်းဆွေးမှုတွေနဲ့ ပြည့်နှက်နေမလား… ပျော်ရွှင်ခြင်းတွေ ကြည်နူးခြင်းတွေနဲ့ ထုံမွှမ်းနေမလား… ။

ဒါကိုတော့ ဖတ်ကြည့်မှသာ သင်သိနိုင်လိမ့်မယ် ။

………

( ၂ )

မဇင်ညာဖဲရ်ရယာ ( Mazinya Faerra ) … ။
အမိမြေဂိုင်ရာ ရဲ့ အလယ်ဗဟိုက ကျယ်ပြန့်တဲ့နယ်မြေ ဖြစ်တယ် ။

မိုးသစ်တောတွေနဲ့ မြစ်ရေတွေကာရံထားတဲ့ နွေးထွေးသော မဇင်ညာဖဲရ်ရယာ … ။ အမိမြေဂိုင်ရာရဲ့ နှလုံးသားတည့်တည့်မှာ ခွေခေါက်ကာ အိပ်ပျော်နေတဲ့ စောင့်ရှောက်သူနတ်ဘုရားမ ဖဲရ်ရယာ ရဲ့ ကိုယ်ခန္ဓာ လို့ ရာဇဝင်များက ဆိုတယ် ။ လူသားဖြစ်စေ သားရဲဖြစ်စေ … မဇင်ညာဖဲရ်ရယာကို ရောက်လာသူတိုင်းဟာ သူမရဲ့ ညှို့ယူခြင်းကို ခံရတော့တယ် ။

အမျိုးမျိုးအစားအစားသော အဝတ်တန်ဆာတွေ အသုံးအဆောင်တွေဆီက မျက်လုံးမခွာနိုင်စေရ ။ဗိုက်ကို တကျုတ်ကျုတ်အော်မြည်စေမယ့် အစားအသောက်ရနံ့တွေ ထုံမွမ်းလို့။ ကျောက်မြတ်ဆိုင်တွေဆီက သူယောင်သလင်း(Rose quartz)… ဖရဲအူ(Tourmaline)… ခရမ်းစွဲ(Amethyst)…  မိုးကြိုးသွား(Thunderbolt) စတဲ့ သန့်စင်သောမှော်ပစ္စည်းတွေရဲ့ အရောင်က လင်းလဲ့နေတယ် ။ ဟိုက်ဘရီဒါ သီချင်းသည် ကချေသည်တွေရဲ့ဖျော်ဖြေပွဲတွေက အရောင်စုံကာ အသံမြိုင်တယ် ။ လူယောက်ျားများ နဲ့ အယ်လ်ဖာသားရဲများဟာ သေရည်နံ့ပြင်းတဲ့ ပြည့်တန်ဆာအိမ်ရာတွေဆီက မိုးမလင်းသောညတွေမှာ မြောပါလို့ နေကြတယ် ။
မဇင်ညာဖဲရ်ယာ မှာ လူသားမျိုးနွယ် နဲ့ သားရဲမျိုးနွယ် စုံစည်းကြတယ်… ရောင်းဝယ်ဖောက်ကားကြတယ်… ကုန်ပစ္စည်း လဲလှယ်ကြတယ် … တရားဝင် တရားမဝင်လုပ်ငန်းတွေလည်း လုပ်ဆောင်ကြတယ် ။

Just A Love Story (ChanBaek Oneshot Collection)Where stories live. Discover now