"ကိုကို!"
လူအုပ်ထောင့်စွန်းကနေ ကျွန်တော့်ရင်ဘတ်ထဲပြေးဝင်လာတာက ညီမလေး။ ညီမလေးနောက်မှာ မေပျို၊ အဂီနဲ့ တွဲတွေ့နေကျသုံးယောက်ပါသည်။
"ကိုကို... ဇော်ထက်နဲ့ ဇာမဏိ"
"မကြောက်နဲ့"
ညီမလေးကိုနောက်ပို့ပြီးတာနဲ့ နီးရာခုံတစ်လုံးပေါ်ပြေးတက်လိုက်ရသည်။
"ဟေ့ ရပ်လိုက်ကြ!"
ဖြိုးလေးနဲ့ရဲဘုန်းက လူအုပ်ကြားတိုးဝင်လို့ ဝိုင်းအုံနေကြတဲ့အထဲက ယောက်ျားလေးအချို့ကိုပါ လှုံ့ဆော်ပြီး လုံးထွေးနေတဲ့ လူတစ်စုကို ဆွဲခွာကြသည်။ လုံးထွေးသတ်ပုတ်နေကြတယ်ဆိုပေမယ့် အခြေအနေကထင်သလောက်မဆိုးနေ။ ရှောင်ရင်းတိမ်းရင်း လှုပ်ရှားဖို့အခွင့်မသာအောင် တစ်ယောက်နဲ့တစ်ယောက်ဖမ်းချုပ်လုံးသတ်နေသည့်ပုံမျိုးဖြစ်သည်။ ဒီ Day Club က အညှီအဟောက်နည်းသည်။ အပြင်းဆုံးမှ ဘီယာနဲ့ဝိုင်လောက်သာရ၏။ အကဲစမ်းချင်သည့် ဆယ်ကျော်သက်ကျောင်းသားတွေအတွက်ရည်ရွယ်ထားတာမို့ အန္တရာယ်ဖြစ်စေမည့်အရာတွေမရှိ။ လုံခြုံရေးမတင်းကြပ်သည့်အတွက် ဒီလိုအနေအထားလောက် အငြင်းပွားမှုမျိုးဆို ကိုယ့်လူနဲ့ကိုယ် သဘောတူညီမှုယူပြီး ပြီးပြတ်သွားတာသာများသည်။ ရန်ဖြစ်သည့်အခြေအနေဆိုတာမျိုးလည်း ရှားမှရှားလွန်း၏။ ဇော်ထက်တို့နဲ့ ဘယ်ကဘယ်လိုငြိမှန်း ကျွန်တော်စဥ်းစားလို့တောင်မရ။
လူချင်းကွာသွားတော့ နှစ်ဖက်စလုံး ဒဏ်ရာကြီးကြီးမားမားမရှိပေမယ့် အဝတ်အစားတို့ကတော့ ဖရိုဖရဲစုတ်ပြတ်သပ်ကျန်၏။ ဟိုဘက်အဖွဲ့ရဲ့ ကိုယ်လုံးကိုယ်ထည်ကိုကြည့်ချင်းအားဖြင့်လည်း ပထမနှစ်တွေသာဖြစ်လိမ့်မည်။ ရှပ်အင်္ကျီရင်ဘတ်တို့မှာ ပြင်ပတက္ကသိုလ်တွေရဲ့ဆင်တူအမှတ်အသားတံဆိပ်ကိုမြင်ရသည်။ ဇော်ထက်ပါးရိုးကတော့ သိသိသာသာဖူးယောင်နေသည်။ ခြေလှမ်းတွေလည်းယိုင်နဲ့ချင်နေတာ သိသိသာသာ။ ဇော်ထက်ရဲ့တွဲဖက်သူငယ်ချင်းသုံးယောက်လည်း တစ်နေရာနှစ်နေရာထိမိခိုက်မိမြင်ရ၏။ လုံးဝမယိုင်မလဲဖြစ်နေတာက ဇာမဏိ တစ်ယောက်သာ။ အံကြိတ်ထားပုံရတဲ့မေးရိုးတွေတင်းကားနေ၏။ မျက်ခုံးတန်းတို့က ခက်ထန်မှုကြောင့် နဂိုထက်တောင့်တင်းနေသည့်ပုံပေါက်သွားသည်။ ဘေးလူတွေရှဲပေးသည့်အတိုင်း ထွက်လာကြပြီးမှ ဟိုဘက်အဖွဲ့ကတစ်ယောက်က ဇာမဏိနောက်ကျောဆီဦးတည်ပြေးလာခဲ့သည်။ ရုတ်တရတ်ဆန်တာမို့ ကျွန်တော်လှမ်းအော်တားချိန်မရလိုက်ဘဲ လူကိုယ်တိုင်ပြေးသွားပြီး တွန်းထုတ်လိုက်ရသည်။ နဂိုရန်ဖြစ်ထားတဲ့အရှိန်ရှိထားပြီးသူမို့ ကျွန်တော် လက်တစ်ဖက်နဲ့တွန်းရုံတင် ထိုင်လျက်လဲကျသွားသည်။
Epi_23
Start from the beginning