"လဲသေလိုက် မသာ!"
"မသေနိုင်သေးပါဘူး။ ဆေးကျောင်းသားလေးကိုချစ်မိတာအပြစ်မရှိတဲ့ညီမလေးတွေအတွက် စာပြန်ပေးရဦးမယ်"
ဖြိုးလေးရဲ့ပြောင်စပ်စပ်မျက်နှာကို ထိမိမိတ်ဆက်သွားတဲ့ note စာအုပ်။ အမြဲသတ်နေတဲ့ ဖြိုးလေးနဲ့ စန္ဒာဇော်ဝင်းကို ဝိုင်းကြည့်လို့ရယ်နေကြပြီး ဘယ်သူမှလည်းဝင်မဆွဲဖြစ်။
"နင် လက်မပါနဲ့နော် မိန်းကလေးဖြစ်ပြီးတော့။ ငါလုပ်လိုက်ရင် နင်သေတော့မယ်! ရဲဘုန်း၊ နေသော် ငါလက်လွန်သွားရင်တောင်ဝင်မဆွဲနဲ့နော်။ ဟာ ဒီကောင်မလေးတော့!"
ဖြိုးလေးက ကျိန်း၏။ တကယ်တမ်း ထုရိုက်ခံနေရတာလည်း ဖြိုးလေးပဲဖြစ်သည်။ ရယ်သံတွေက ထုရိုက်ဆဲဆိုသံတွေကိုဖုံးအုပ်သွားပြန်၏။ ကျွန်တော်နဲ့ရဲဘုန်းနှစ်ယောက်လုံး ပစ္စည်းတွေသိမ်းဆည်းပြီးလို့ ကျောပိုးအိတ်ကောက်လွယ်လိုက်မှ စန္ဒာဇော်ဝင်းက သူ့အတန်းဘက်ပြန်လှည့်သွားသည်။ ဖြိုးလေးက ထိုင်ခုံတန်းမှာ အထုအရိုက်ခံထားရလို့ပုပ်အက်အက်မျက်နှာပေးနဲ့ပက်လက်လှန်နေတုန်း...။
"အဲ့ပေ့ချ်က နင့်ထက် နေသော့်ဆီပို့တဲ့စာတွေသာများတာပါ။ နေသော်ကတောင် ဘာမှမပြောရဘူး။ ဒါနဲ့ နေသော်..."
လှေကားတစ်ထစ်ဆင်းပြီးမှ စန္ဒာဇော်ဝင်းဘက်ပြန်လှည့်ကြည့်ရသည်။
"အဲ့ပေ့ချ်ကို like လုပ်ထားတဲ့အထဲ ဇာမဏိဆိုတာတွေ့လို့လေ။ ဝင်ကြည့်တော့လည်း နင်နဲ့ friend။ အဲ့ဒါ ရေကြောင်းက ကြောင်လျှာသီးလေးမလား"
"ဘယ်ပေ့ချ်ကိုပြောနေတာလဲ"
"ဆေးကျောင်းသားလေးကိုချစ်မိတာအပြစ်လားပေ့ချ်လေဟာ အခုပဲပြောနေတာကို"
"မသိဘူး"
"မသိရင် နင့်ကို mention ခေါ်ထားလိုက်တယ်"
"ရှုပ်ရှုပ်ယှက်ယှက်တွေဟာ"
"အမယ်လေး နင့်ခေတ်ဆိုတော့လည်း ပြောနိုင်တာပေါ့ ပြော ပြော"
ဖုန်းကမခွာတဲ့ စန္ဒာဇော်ဝင်းအကြည့်တို့က ကျွန်တော့်ဆီဝေ့ကြည့်သွားတာ ဆောင့်ဆောင့်အောင့်အောင့်။ ဘောင်းဘီနောက်အိတ်ထဲထည့်ထားတဲ့ဖုန်းက vibrate သံနဲ့တုန်ခါလာ၏။ သေချာတယ် စန္ဒာဇော်ဝင်း mention ခေါ်နေတာတွေ noti တက်လာတာဖြစ်ရမည်။ သူပြောတဲ့ပေ့ချ်ကို ကျွန်တော်သိသည်။ သိပ်မကြာသေးခင်ကမှ မိန်းကလေးတွေကြားထဲအပျော်သဘောနဲ့ပေါ်လာတဲ့ပေ့ချ်တစ်ခုဖြစ်ပြီး ဆေးကျောင်းသားတွေနဲ့ဆိုင်တဲ့သီချင်းတွေ၊ ခံစားချက်အတိုအထွာလေးတွေတင်ပြီး စစနောက်နောက်ဖီးလ်နေကြတာမျိုး။ ရံဖန်ရံခါ ဘယ်ဆေးတက္ကသိုလ် ဘယ်အတန်းကဘယ်သူ့ဆီဆိုတဲ့စာမျိုးတွေလည်း by name တပ်တပ်ပြီးတင်တာမြင်၏။ သိနေမြင်နေပေမယ့် ဇာမဏိ like လုပ်ထား၊ မလုပ်ထားကိုတော့ သတိမထားမိပါ။ ဒီဆင်ကြယ်စိမ်းကလည်း ကိုယ့်ကျောင်းနဲ့ဆိုင်တဲ့ပေ့ချ်မဟုတ်ပါဘဲ ဘာကိစ္စ like လုပ်ထားသလဲ။
Epi_22
शुरू से प्रारंभ करें: