"နိမိတ်မရှိနမာမရှိ"လို့ပြောလိုက်တိုင်း "ခုရော မင်းက ထင်ရာစိုင်းနေတာပဲမဟုတ်ဘူးလား"ဆိုပြီး ပြန်ပိတ်ဟောက်တတ်သည်။
အမေ့ကို တိုးတိုးတိတ်တိတ် မေးကြည့်တော့ ငယ်ငယ်က ဘယ်သူ့စကားမှ နားမထောင်ဘဲ စိတ်ထင်ရာလုပ်တတ်သောကြောင့် ခေါင်းကြောမာသည့်သူ့ကို ချစ်စနိုးနှင့် "ထင်ရာစိုင်းလေး"ဟု နောက်ပြောင်ခေါ်ကြရာမှ အတည်ဖြစ်သွားခဲ့သည်တဲ့။
ကျေကိုမကျေနပ်နိုင်ပါ။ နေနှင့်ပါစေဦး။ သူ့ကလေးအလှည့်ကျမှ "မိုက်ကယ်တင်ထွဋ်ခေါင်"တို့ "ဒေစီပြုံးလဲ့လဲ့ခိုင်"တို့လို အမိုက်စားတွေ ပေးပစ်မယ်။
"သွား မြန်မြန်ရေသွားချိုး..ခဏနေ ဧည့်သည်တွေရောက်လာတော့မှာ..ဧည့်သည်တွေရှေ့မှာ လိမ်လိမ်မာမာ ယဥ်ယဥ်ကျေးကျေးနေ ကြားလား"
"ဟွန်း"
မျက်နှာရှစ်ခေါက်ချိုးနှင့် လှည့်ထွက်လာခဲ့တော့ နောက်ပါးကနေ "မင်းညတုန်းက အပြင်ခိုးထွက်တဲ့ ကိစ္စကတော့ ပြီးမှရှင်းမယ်"ဆိုတဲ့ ကျောချမ်းစရာအသံကြီးကို ကြားဖြစ်အောင် ကြားလိုက်ရသေးသည်။
ကြောက်နေမယ်ထင်ရင်တော့ စေထင်ရာစိုင်းတို့က dobule Noပါပဲ။
××××××××××××××××××××
"သားကြီး စိတ်လှုပ်ရှားနေသလား"
ကားရှေ့ခန်းမှ အဖေဖြစ်သူ၏ ခပ်ပြုံးပြုံးအမေးကြီးကို မိုရှင်းနိုက ကင်းမြီးကောက်ထောင်ပြီးတော့သာ ခေါင်းယမ်းပြလိုက်ချင်သည်။ ဟိုက စိတ်လှုပ်ရှားဖို့ နေနေသာသာ ကျောက်ရုပ်ကြီးလို တုပ်တုပ်မျှမလှုပ်။
ညတုန်းက သူ့အခန်းထဲလာပြီး ကိန္နရီ ကိန္နရာချောင်းခြားပြဇာတ် ငိုချင်းချသည့်အတိုင်း ၇ချီလောက် သတိရတိုင်း ထထငိုပြထား၍ တောင့်တောင့်ကြီးဖြင့် အိပ်ငိုက်နေခြင်းဖြစ်သည်။
ကားလေးက ကြီးမားကျယ်ပြန့်သော ခြံဝင်းကြီးထဲသို့ ညင်ညင်သာသာလေး ဆိုက်ရောက်သွားသည်။ အိမ်အပြင်အဆင်နှင့် ဘေးနားတစ်ဝိုက်ကို လှည့်ပတ်ကြည့်မိတော့ ခေါင်းတဆတ်ဆတ်ညိတ်မိ၏။
မွေးသဖခင်က သေချာစီစစ်ပြီး ရွေးထားပုံပင်။ အနေအထားအားလုံးက Aအဆင့်ရလောက်သည်ချည်း။