ထိုကဲ့သို့ ရယ်ချင်ပက်ကျိနှင့်ပြောလာသော သူ့စကားတွေကို နင်သွားရသောသူမကတော့ ဘာမှပြန်မပြောနိုင်သေးပေ။

ဘာဆိုင်လဲ...။
သူ အချိုးမပြေတာ ပြောပြတာနဲ့ပဲ မိန်းမကြီးတစ်ယောက်လို ဗျစ်တောက်ဗျစ်တောက် ပြောတတ်လာပြီတဲ့လား.....။

အဲ့ဒါဆို ကလေးတွေနဲ့ပတ်သက်ရင် ယောက်ျားကြီးတန်မဲ့ ပစိပစပ်များနေတဲ့ သူကရော.....။

အဟက် ဟာသပဲ။
ကိုယ့်မျက်ချေးကိုတော့ ကိုယ်မမြင်ဘူး...
သူများကိုတော့ ပြောတတ်လိုက်တာ..။

လူကိုများ အာဂျီးမား ဟုတ်လား.....။

တွေးနေရင်းနှင့် ဒေါသတွေဖြစ်လာရသော သူမသည် အစောတုန်းကတည်းကပင် ဆွဲလိမ်ပစ်ချင်နေသော စိတ်တွေက အခုချိန်မှာ ဘယ်လိုမှထိန်းမရအောင် ထကြွလာပြီဖြစ်လျှင် သူ့အား စကားနှင့်ပြောမနေတော့ဘဲ လက်တွေ့လုပ်ပစ်လိုက်တော့သည်။

"အား.......နာလိုက်တာ...။အထဲက ကြွက်သားတွေထိ ရောက်အောင်များ လိမ်ဆွဲပစ်လိုက်တာလား.....။ဘယ်လိုတောင် ဒီလောက်နာအောင် လုပ်နိုင်ရတာလဲ..."

"လုပ်မှာပဲ...။ဒီလောက်ပြောနေတာတောင် အချိုးပြေမလာတဲ့အပြင် သူများကိုပါ ပြန်အပြစ်ဖို့လိုက်သေးတယ်...။ရှင့်ကို ဒီလောက်ထိ ပြောရဆိုရလက်ပေါက်ကပ်မှန်းမသိခဲ့ဘူး...၊အလကားလူ.."

ထို့နောက် အခုမှပင် ဖြစ်ချင်တာဖြစ်ခွင့်ရသွားသလို ဆန္ဒပြည့်ဝသွားသောပုံစံနှင့်သူက သဘောတကျဖြင့် တဟင်းဟင်းရယ်မောရင်း မျက်လုံးပြူးလေးတွေနှင့် ကြည့်နေကြသည့် ကလေးနှစ်ယောက်ဆီသွားကာ လက်ကလေးတွေကို တစ်ချက်စီနမ်းပြီးမှ တွန်းလှည်းကို တစ်ဖက်သို့လှည့်လိုက်သည်။

"အဲ့ဒါဘာလုပ်တာလဲ..."

"ကလေးတွေမြင်မှာစိုးလို့လေ..."

"ဘာကို မြင်မှာစိုးတာလဲ..."

"ဘာကိုမြင်မှာစိုးတယ်လို့ ထင်လဲ..."

ထိုအခါ သူ့စကားကိုကြားသည်နှင့် ဖျတ်ခနဲထကာ ထွက်သွားတော့မည့် သူမအား သူက ချက်ချင်းလှမ်းဆွဲလိုက်သည်။တစ်ဆက်တည်းမှာပဲ ရုန်းကန်ဖို့ဟန်ပြင်နေသည့် သူမ၏ကိုယ်လုံးလေးကိုဆွဲပွေ့ကာ ဆိုဖာမှာဝင်ထိုင်ပြီးလျှင် ပေါင်ပေါ်သို့တင်ထားလိုက်သည်။ထို့နောက် မလှုပ်သာအောင် တစ်ကိုယ်လုံးကို သိုင်းဖက်ထားရင်းမှ နှုတ်ခမ်းထောင့်လေးကို ဖိကပ်နမ်းကာ အသာအယာမေးလာလေသည်။

You are the only Exception!Where stories live. Discover now