"သူများနဲ့မဟုတ်ပါဘူး ကိုရှိုင်းသူရိန်ရဲ့..။မမိုနဲ့ပဲ လိုက်လာတာပါ..."

"သူများတွေနဲ့လိုက်တာထက်ကို အပျိုကြီးတွေလက်ထဲ လိုက်တာက ပိုစိုးရိမ်ရတယ်..."

ပြောရင်းနှင့် သူ မဟုတ်သလို သားကိုချော့မြှူရင်း ရှေ့ကနေထွက်သွားသည်ကြောင့် သူမက ကမန်းကတန်းပင် မနန်းမိုကို မချိသွားဖြဲလေးပြုံးပြကာ အားနာပါးနာပြန်ရှင်းရသည်။

"အလကား လျှောက်ပြောသွားတာရယ် မမို...။သူက အဲ့လိုပဲ...၊တစ်ခါတလေ အတည်ပေါက်ကြီးနဲ့ နောက်တတ်တယ်..."

ထိုအခါ မနန်းမိုကတော့ စိတ်မဆိုးသည့်အပြင် အားရပါးရရယ်မောလိုက်ရင်း

"ရပါတယ် ခေတ်လေးရယ်...။မမိုတို့က နားလည်ပြီးသားပါ...။အရင်တုန်းက လုပ်ငန်းကိစ္စနဲ့ ခေတ်လေးအကြောင်းကလွဲရင် အပိုစကားတစ်ခွန်းပြောတာမဟုတ်ဘူး...။အခု သူ့သားသမီးတွေနဲ့ကျမှ ဒီလိုမထိတထိတွေ ပြောတတ်သွားတာ...။မမိုကတော့ အရင်ပုံစံထက်စာရင် အခုပုံစံကို ပိုသဘောကျသေးတယ်...။ရင်းရင်းနှီးနှီးရှိလာသလို ခံစားရလို့.."

မနန်းမို သဘောကျနေပေမဲ့ သူမကတော့ တစ်စက်ကလေးမှ သဘောမကျပေ။စိတ်ထဲမှာ သူ့ဗိုက်ကို အားရပါးရ ဆွဲလိမ်ပစ်ချင်စိတ်တွေ ပေါက်နေရသည်။အခုနောက်ပိုင်း သူစိမ်းတွေကိုပါ သူပြောချင်ရာတွေပြော သူလုပ်ချင်ရာတွေလုပ်ကာ တဖြည်းဖြည်းနှင့် အချိုးမပြေလာသည်က အရင်က ဘာမှမပြောဘဲ ခပ်ချေချေနေတတ်သည့် ပုံစံထက်ပင် ပိုဆိုးနေလေပြီ။သမီးကို သဝန်တိုသည်က လူကြားကောင်းသေးပေမဲ့ အခုက သူ့ကလေးနှစ်ယောက်လုံးကို တစ်စက်ကလေးမှ ဆတ်ဆတ်ထိမခံနိုင်ဖြစ်နေသည်မှာ ကြာလာလျှင် လူအမြင်ကတ်ဖွယ်ရာ ဖြစ်နေပေတော့မည်။ဒီနေ့က ဧည့်သည်တွေလာမည့်နေ့ဖြစ်ပြီး တစ်နေကုန် အလုပ်များဦးမည်မို့ ရှေ့ကနေထွက်သွားသည့် သူ့နောက်ကျောကိုကြည့်ကာ သူမက နေနှင့်ဦးပေါ့ဟု တွေးလိုက်ရင်း စိတ်ကိုထိန်းချုပ်ထားလိုက်ရသည်။

ကလေးတွေပါရှိနေသည်မို့ Dining Room ထိ မတက်တော့ဘဲ နံနက်စာကို အခန်းထဲမှာသာ စားဖြစ်ကြသည်။ထိုအခါ အစားကိုကောင်းကောင်းမစားနိုင်ဘဲ တွန်းလှည်းကိုယ်စီထဲမှာရှိနေကြသည့် ကလေးတွေကိုလှမ်းစကာ ပျော်မြူးနေသောမျက်နှာအား အမြင်ကတ်စွာနှင့် မကြာခဏမျက်စောင်းထိုးမိသော်လည်း သူကတော့ သတိပြုမိဟန်မတူ။ဧည့်သည်တွေက နေ့လယ်ပိုင်း ထမင်းစားချိန်အမီ လာကြမည်ဖြစ်ပေရာ သူမက ကလေးတွေစားချိန်အိပ်ချိန်နှင့် လွတ်မလွတ်ကို တွက်ကြည့်နေမိသည်။ပုံမှန်အတိုင်းဆိုလျှင်တော့ ကလေးတွေကငယ်သေးသည်မို့ သူရော သူမပါ ဟိုတယ်ဘက်သို့ကူးပြီး ရုံးမတက်ဖြစ်ကြတော့ချေ။ကိုယ်ဝန်ရစဉ်ကတည်းက ကလေးတွေအတွက်ကိုသာ သေချာအာရုံစိုက်ပြီး အချိန်ပေးဖို့ ဆုံးဖြတ်ထားကြသည့်အတိုင်း အလုပ်ကိစ္စမှန်သမျှကို အိမ်မှာပဲနေရင်း လိုအပ်သလို စီမံဖြစ်ကြသည်ပင်။ဒီနေ့ကတော့ အထူးတလည္အနေဖြင့် အကြီးအကဲပိုင်းမှ လူကြီးတချို့က စာကြည့်တိုက်သို့ လာကြည့်ကြမည်ဖြစ်သောကြောင့် နှစ်ယောက်လုံးက မဖြစ်မနေ မျက်နှာလာပြရခြင်းဖြစ်လေသည်။

You are the only Exception!Where stories live. Discover now