မနက်မိုးလင်းတော့ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာ တာလပတ်အစိမ်းရောင်ကြီး ။ တဲလေးကို သေသေချာချာအမိုးအကာ နဲ့ မဟုတ်ဘဲ တာလပတ်ကြီးနဲ့ပဲ မိုးထားတာ ။ အိပ်ရာခင်းမရှိ ဒီအတိုင်း ဝါးပေါ်ကျောခင်းပြီး အိပ်ရတာ ။ မဟာ နိုးလာပေမယ့် လှုပ်မရ ။ ကိုယ်ပေါ်က ဂျစ်တူး နိုးသွားမှာဆိုးလို့လေ ။ ဂျစ်တူး က ညက အိပ်နေရင်းနဲ့ ကျောနာတယ်ဟုဆိုတာ သူ့ပေါ်တက်အိပ်နေခြင်းပင် ။ ဒါနဲ့များသူက ဒီမှာအလုပ်လုပ်ဦးမည်တဲ့လေ ။ တကယ့် ငဂျစ်ပဲ ။
မဟာ လှုပ်တောင် မလှုပ်နိုင်အောင် ကျောတွေနာနေသည် ။ တစ်ခါမှ ဝါးအခင်းမှာ ဒီတိုင်းမအိပ်ဖူးဘူး ။ အခုက ကိုယ်ပေါ်မှာလဲ ဂျစ်တူး က တက်အိပ်နေသေးတော့ ပိုဆိုး ။ ရင်ဘတ်နားမှာ ရောက်နေတဲ့ ဂျစ်တူးရဲ့ ခေါင်းလေးကို ခပ်ဖွဖွ ပွတ်ပေးပြီး နာကျင်မှုတွေ ဖြေဖျောက်လိုက်သည် ။
" အင်း !!!! ကိုကိုး!!!!! "
အလန့်တကြား ထ အော်သော ဂျစ်တူးရယ်ပါ ။
" လန့်လိုက်တာ ဂျစ်တူးရယ် ဘယ့်နှယ့် ထ အော်တာတုန်း "
" ကိုကိုး မရှိတော့ဘူးလားလို့ "
" ကိုယ်က ဘယ်သွားရမှာတုန်း ဂျစ်တူးနားပဲရှိတာပေါ့ "
" အင်းပါ လန့်သွားတာ "
မ ထ သေးဘဲ ပြန်ပြီး ခေါင်းလှဲကာ မှေးနေပြန်သည် ။
" ကိုကိုး "
" ဗျာ "
" ကျုပ်ကိုစိတ်မဆိုးဘူးမလား "
" ဘာလို့စိတ်ဆိုးရမှာလဲ ဂျစ်တူးရဲ့ "
" ကျုပ်က ကိုကိုးနဲ့အဝေးကြီးကို ထွက်ပြေးလာတဲ့အပြင် ကိုကိုးကို ပင်ပန်းရအောင်လုပ်တယ် "
" ကိုယ် ပင်ပန်းရမယ်မှန်းသိရင် နောက်မလုပ်ရင် ရပါပြီ ဂျစ်တူးရဲ့ ကိုယ်က ဂျစ်တူးကို နည်းနည်းလေးမှာ စိတ်လဲမဆိုးဘူး အပြစ်လဲမတင်ဘူး ဘယ်တော့မှ "
" အဲ့လိုကျ တမျိုးကြီးရယ် ကိုကိုးဆူလိုက်တာမှကောင်းဦးမယ် "
" မဆူနိုင်ပါဘူးဗျာ ဘာမှ တမျိုးကြီးမနေနဲ့ ရေချိုး ရွာပြန်ရအောင် "