မဟာ ပြန်ထွက်လာတော့ ဖျာပေါ်မှာ ခြေထောက်လေးလှုပ်ကာ ထိုင်နေသည့် ဂျစ်တူးကောင် ။ သူပဲအေးချမ်းတယ် ။
" ကိုကြီး လေးခွလေး ရပြီ "
" ခင်ဗျားလေး ဆက် လုပ်လိုက်တာလား "
" ဟုတ်ပါ့ ဒါပေသည့် ကျုပ်ကို ခင်ဗျားလေး လို့ မခေါ်ပါနဲ့လား ဂျစ်တူး လို့ခေါ်တာကမှ တော်သေးတယ် "
ဪ ကိုယ့်ရဲ့အမြတ်တနိုးခေါ်ရာ ခင်ဗျားလေးကို မခေါ်နဲ့တဲ့ ။ အင်းပေါ့လေ သူ့အလိုကျပေါ့ ။
" ဟုတ်ပါပြီကွာ ကဲ ကိုယ် ဆေးခန်းဆင်းတော့မယ် ပြန်တော့မလား "
" မပြန်သေးပါဘူး ဆရာလင်း လာရင် စကားပြောဦးမယ် အိမ်မှာပျင်းစရာကြီး "
ကိုယ်တစ်ယောက်နဲ့တင်မဟုတ်ဘဲ တခြားသူနဲ့လဲ ရောရောနှောနှော နေချင်တာပါလား အင်းလေ ငါကဘာတွေမျှော်လင့်နေတာလဲ ။
" ပြီးရော ကိုလင်းထမင်းစားရင် အတူတူစားသွားလိုက်လေ "
" ဟုတ် ဗျ "
မဟာ လဲ ဆေးခန်းဆင်းလာပြီး တစ်ချိန်လုံး အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်တယ် ။ အခုလဲ ညနေစောင်းသည်အထိ ဟိုကလေး အိမ်ပေါ်က ဆင်းမလာသေး ။
မဟာ ဆေးခန်းလေးပိတ်ပြီး အိမ်ပေါ်ပြန်တက်လာတော့ ဟိုကလေးကို မတွေ့ ။ ကိုလင်းကတော့ အခန်းထဲမှာ အိပ်နေသည် ။
" ဘယ်အချိန်က ပြန်သွားတာတုန်း "
မဟာလဲ အခန်းထဲဝင်လာတော့ အမယ် ဂျစ်တူး က အခန်းထဲက ဖျာပေါ်အခန့်သား အိပ်ပျော်နေသည် ။ အိပ်ပျော်တာကြာပြီထင် ပါးစပ်လေးက ခပ်ဟဟ ပွင့်လျက် ။ ဝတ်ထားတဲ့အကျီအစက ရင်ဘတ်နားထိ လိပ်တက်နေသည် ။ မဟာလဲ အကျီကို ပြန်ဆွဲချပေးကာ စောင် လေး လွှားပေးပြီး ရေချိုးရန် ပြင်ကာ အပြင်ပြန်ထွက်လာလိုက်သည် ။
မဟာ ရေချိုးပြီး ပုဆိုးကို ဒူးလောက်ထိပဲဝတ်ထားကာ ခေါင်းကို ရေသုတ်နေချိန် အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့ကို သေချာကြည့်နေတဲ့ ဂျစ်တူး ။
" အာ နိုးနေရင် ပြောပါလား "
ပုဆိုးကိုဖြေကာ ခြေမျက်စိထိဝတ်လိုက်ပြီး ရင်ဘတ်ပေါ် သဘတ်ကို လွှားလိုက်သည် ။