(၆)နောက်ဆုံးသည်ကား သံသရာ၏အဆုံးသတ်ဖြစ်သည့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များအား လမ်းညွှန်ပြသပေးသည့် ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာသုံးပါး၏ အရိပ်ပင်ဖြစ်သည်။
အရိပ်တကာ့အရိပ်များထဲတွင် ရတနာသုံးပါး၏အရိပ်က အအေးမြဆုံးဖြစ်လေသည်ဟု သူမ ကြားဖူးသည်မှာ အမှန်တကယ်ပင်။
ဘုရားရိပ်၊တရားရိပ်တွင် ခိုလှုံနေရသောအခိုက်အတန့်၌ လောဘ ၊ ဒေါသ ၊ မောဟတည်းဟူသော အကုသိုလ်တရား(၃)ပါးစလုံး ကင်းစင်ကာ စိတ်အစဉ်တို့က တစ်ခဏတာလောက်တော့ တည်ငြိမ်သန့်စင်စွာ နေနိုင်ပေလိမ့်မည်။
ဤကဲ့သို့ စိတ်နှလုံးကိုငြိမ်းအေးစေသည့် ဘုရားတရားအရိပ်အောက္မှာ ကိုယ်ချစ်ရသူနှင့်အတူတူ ခိုလှုံနေရသည့် စိတ်အေးချမ်းမှုမျိုးကလည်း ဘာနှင့်မှမတူပါလားဟု သူမက တွေးမိသွားလျှင် ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ်စိတ်ကုန်သွားမိရလေသည်။
ဘုရားရိပ် တရားရိပ်မှာ ခိုနေရသည့် အချိန်တစ်ခဏလေးအတွင်းမှာတောင် တဏှာလောဘတည်းဟူသော ကိလေသာအပူမီး၊တဏှာရာဂ သံယောဇဉ်တည်းဟူသော သံယောဇဉ်အပူမီးတွေကနေ မလွတ်မြောက်နိုင်သေးသည့်အပြင် ကြံဖန်ကပ်တွယ်ကာ တွေးတောနေမိသော သူမကိုယ်သူမအား သေချာရှုမြင်လိုက္မိရင်းမှ စိတ်ပျက်လက်ပျက်ပင် တရားကျသွားရသည်။
ဒီပုံစံအတိုင်းဆို နိဗ္ဗာန်ရောက်ဖို့နေနေသာသာ သံသရာမှာပဲ အစွဲအလမ်းကြီးစွာ ပျော်ပျော်ကြီး ကျင်လည်နေရဦးမည့်ပုံပင်။
သို့နှင့် စိတ်အစဉ်ကို ဤကဲ့သို့ဖြစ်စေသည့် ဘေးနားကတရားခံကို လှည့်ကြည့်လိုက်လျှင် သူကလည်း သူ့အတွေးနှင့်သူ ငြိမ်သက်နေလေသည်။ထိုအခါ သူမက ရယ်ချင်လာသောကြောင့် ခေါင်းကိုငုံ့ကာ ထိန်းဖို့ကြိုးစားလိုက်စဉ် မျက်လုံးတွေက သူ့ခြေထောက်ကို သွားမြင်မိပြန်သည်။
သူက လှေကားထစ်မှာ ခြေချထိုင်ကာ ဒူးနှစ်ဖက်ပေါ်သို့ လက်တွေဆန့်တန်းတင်၍ သူ့ပုံစံအတိုင်း ခပ်မတ်မတ်ထိုင်နေခြင်းဖြစ်သည်။ငုတ်တုတ်ထိုင်နေသောကြောင့် သူမဘက်ကနေ ဘေးတစောင်းမြင်နေရသည့် ခြေထောက်လေးတစ်ဖက်သည် မျက်စိရှေ့မှာ ရှင်းသန့်ကြည်လင်ကာ သန့်ပြန့်ဖြူစင်နေသည်။အကြောစိမ်းတွေထောင်ထနေသည့် ဝင်းဖန့်နေသောခြေဖမိုးတစ်ဖက်က ပုဆိုးအရောင်ရင့်ရင့်ကြားမှာ ထိုင်ကြည့်နေချင်စရာကောင်းအောင် ကြည့်ကောင်းလှပေရာ နှစ်လိုဖွယ် ခြေချောင်းရှည်သွယ်သွယ်လေးတွေကို အမြတ်တနိုးကြည့်နေမိရင်းက သူမသည် သဘောကျစွာ ဟက်ဟက်ပက်ပက် ပြုံးမိရပြန်သည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Practice
Start from the beginning
