ကျစ်ကျစ်တောက်ပူသည့် မန်းနွေအပူမှာတောင် ခိုဝင်လိုက်သည်နှင့် လူကိုငြိမ်းအေးသွားစေသော ဘုရားတန်ဆောင်းကြီးသည် ယခုလို ဆောင်းနံနက်ခင်းအချိန်မှာတော့ ဆိုဖွယ်ရာမရှိအောင် စိတ်ရောကိုယ်ပါ အေးချမ်းစေသည်။

ထိုသို့သော စိတ်နှလုံးတို့အေးချမ်းရာ နေရာဌာနတွင်

ကပ်လှူထားသည့် အမွှေးတိုင်များနှင့် ပန်းပေါင်းစုံတို့၏ ထုံသင်းလှသောရနံ့များ၊
ကျက်သရေမင်္ဂလာရှိစွာ လွင့်ပျံနေသည့် နရည်းရေခင်းသံနှင့်အတူ ပရိတ်တရားတော်ရွတ်ဖတ်သံများ၊
ရှေ့တွင် ဆရာတော်ဘုရားကြီးက မျက်နှာသစ်တော်ရေ ဆက်ကပ်နေသည့် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာ အဆင်းသဏ္ဌာန်များကြား၌ သူမတို့နှစ်ယောက်သားသည် ငြိမ်းအေးကြည်နူးရသောစိတ်တို့ဖြင့် ချမ်းမြေ့စွာပင် ငေးမောနေမိကြသည်။

အထူးသျဖင့္ အာရုံကို တစ်ခါမှမရောက်ဖူးသော သူ့အတွက်တော့ ဒီလိုကြည်ညိုဖွယ်ရာမြင်ကွင်းသည် အထူးတလည် သူ့စိတ်တွင် ငြိမ်းအေးချမ်းသာဖွယ်ကောင်းလှသော ပီတိဖြစ်မှုအား ပေးစွမ်းနိုင်လေသည်။

သို့နှင့်ပင် နှစ်ယောက်သားသည် ကိုယ်ဟန်အနေအထားကို သေချာကျနစွာထိုင်လျက်သားမှ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ထိခြင်းငါးဖြာနှင့် ဖူးမျှော်ကြည်ညိုလက်စုံမိုး၍ ပြိုင်တူရှိခိုးကန်တော့လိုက်ကြသည်။

ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦး ညီညွတ်စေ ဟူသော စကားအတိုင်းပင် နှစ်ယောက်စလုံးက အလေးအမြတ်ထားကာ ပြိုင်တူဦးသုံးကြိမ်ချပြီးသည့်နောက် ဩကာသအစချီသော ဘုရားရှိခိုးအား ရွတ်ဆိုပူဇော်လိုက်ကြသည်။ထိုကဲ့သို့ ပုံမှန်ထက်ပင် ပို၍ရှည်ကြာစွာ ရိုသေမြတ်နိုးခြင်းတို့ဖြင့် ရှိခိုးပြီးကြလျှင် ဆွမ်းတော်ပွဲ၊သောက်တော်ရေနှင့် အိမ်မှယူလာသော ပန်းအစုံတို့အား သဒ္ဓါစိတ်အပြည့်ဖြင့် တူနှစ်ကိုယ် ဆက်ကပ်လှူဒါန်းကြပေသည်။

ထို့နောက် ဆရာတော်ဘုရားကြီး ပြန်လည်ကြွချီသွားသည့်အချိန်တွင် သူက ရွှေသင်္ကန်းသွားကပ်ကာ သူမကတော့ အလှူငွေထည့်ရင်း စောင့်နေလိုက်သည်။သို့နှင့် ရွှေသင်္ကန်းကပ်ပြီးသွားသောအခါတွင်မူ ရေသပ္ပာယ်ရန်အတွက်ကို နှစ်ဦးသား ဂြိုဟ်ပြေနံပြေရှိရာဘက်သို့ ထွက်ခဲ့လိုက်ကြသည်။

You are the only Exception!Donde viven las historias. Descúbrelo ahora