မကြာခင်အချိန်မှာပင် ဆရာတော်ဘုရားကြီး ကြွရောက်လာကာ မျက်နှာသစ်တော်ရေ ကပ်လှူတော့မည်ဖြစ်၍ ဘုရားတန်ဆောင်းဘက်သို့ ခပ်မြန်မြန်လျှောက်ခဲ့လိုက်ကြတော့သည်။စောင်းတန်းထဲရောက်သောအခါတွင် ပန်း၊ရေချမ်းနှင့် ဆွမ်းတော်ပွဲတို့ကိုပါ အစုံအလင်ကပ်လှူရန်အတွက် ဗန်းလေးနှင့် အသင့်ပြင်ပေးထားသော ဆွမ်းတော်ပွဲကို ဝယ်လိုက်ကြသည်။

ပြီးလျှင် ဆွမ်းတော်ပွဲနှင့်အတူ ပန်းစည်း၊ပန်းကုံးတို့ကိုပါ ကိုယ်စီကိုင်လာကြရင်း မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ရှေ့မှောက်သို့ရောက်လျှင် အရှေ့ပိုင်းလောက်က လူလွတ်သောနေရာမှာ နှစ်ယောက်သား ပုဆစ်တုပ်ကာထိုင်လိုက်ကြသည်။

ထို့နောက်တွင်မူ သူမတို့ ထိုင်ပြီးပြီးချင်းမှာပင် သာယာနာပျော်ဖွယ်ကောင်းလှသည့် နရည်းရေခင်းသံက ကျက်သရေရှိစွာဖြင့် ထွက်ပေါ်လာကာ ဆရာတော်ဘုရားကြီးသည် ဘုရားသောက်တော်ရေ၊မျက်နှာသစ်တော်ရေ ဆက်ကပ်ရန်အတွက်ကို ကြည်ညိုဖွယ်ရာကောင်းစွာ ကြွရောက်တော်မူလာပြီ ဖြစ်လေသည်။

ထိုအခါ သူမတို့နှစ်ယောက်အပါအဝင် ရှိသမျှလူအားလုံးက ဆရာတော်ဘုရားကြီးအား လက်အုပ်ချီကာ ဦးခိုက်လိုက်ကြရင်း ကြွရောက်တော်မူလာရာလမ်းတစ်လျှောက်ကို ကြည်ညိုစိတ်အပြည့်ဖြင့် မျှော်ကြည့်နေမိကြသည်။

မြောက်စောင်းတန်းတွင် ဘုရားမျက်နှာသစ်တော်ရေ ကပ်လှူရန်အတွက်ကို သနပ်ခါးကျောက်ပျဉ်ကြီးများ ထားရှိပေးထားသောကြောင့် ထိုနေရာတွင် မိမိ၏ ကာယအားစိုက်ထုတ်ကာ မျက်နှာသစ်တော်ရေအတွက်ကို သနပ်ခါးသွေး၍ တတ်စွမ်းသလောက် လှူဒါန်းနိုင်သည်။

ထိုကဲ့သို့ ဘုရားဖူးလာသူများက သဒ္ဓါတရားအပြည့်ဖြင့် ကိုယ်တိုင်သွေးကာ လှူဒါန်းခဲ့ကြသော သနပ်ခါးရည်များအား ယခုအခါတွင် ဆရာတော်ဘုရားကြီးက ကြည်ညိုဖွယ်ရာကောင်းစွာဖြင့် ဆက်ကပ်နေလေပြီ။ပြီးလျှင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ မျက်နှာတော်အား သက်ရှိတစ်ဦးကဲ့သို့ပင် သေသေချာချာ ကျကျနန မျက်နှာသစ်တော်မူလေသည်။

You are the only Exception!Where stories live. Discover now