"ဘယ်လိုလဲ...။ကိုယ့်ပုံစံက ဒီလိုကျတော့လဲ ကြည်ညိုစရာအဆင်းသဏ္ဌာန်နဲ့ တည်ကြည်ခံ့ညားနေတယ်မို့လား..."

သူမက အနားသို့သွားကာ စတစ်ကော်လာမှ ကြယ်သီးအသေးလေးကို တပ်ပေးလိုက်ရင်းမှ

"ကြည်ညိုစရာကောင်းလောက်အောင်တော့ မဟုတ်ပေမဲ့ တည်ကြည်ခံ့ညားပါတယ်..."

"ကြွေနေပြီမို့လား....."

မျက်နှာနားကိုကပ်ကာ စသလိုနောက်သလိုပြောနေရင်းမှ လက်နှစ်ဖက်က သူမ၏ခါးလေးကိုညှပ်ကိုင်လာရင်း

"ထဘီနဲ့ဆိုတော့ ဗိုက်ကအဆင်ပြေရဲ့လား...။တင်းကျပ်မနေဘူးလား..."

သူမ၏မြန်မာဝတ်စုံက သူနှင့်အရောင်တူပင်ဖြစ်ကာ စတစ်ကော်လာအထောင်လည်ပိတ်ပုံစံလေးနှင့် ရင်ဖုံးအင်္ကျီအနက်ရောင်လေးကို နီညိုရောင်ပေါ်မှာ အနက်ရောင်ချိတ်လိုင်းလေးတွေပါသည့် တောင်မြို့ချည်ထည် ချိတ်ဝမ်းဆက်လေးဖြစ်သည်။

"ပတ်ထဘီဆိုတော့ အဆင်ပြေတယ်လေ ကိုရဲ့..၊ဘာမှမဖြစ်ပါဘူး...။လာ..ပြီးပြီဆို သွားကြစို့၊နောက်ကျနေလိမ့်မယ်..."

"အနွေးထည်ဝတ်ဦးလေ သဲလေးရယ်...။မနက်အစောကြီး အပြင်မှာအေးတယ်..."

"ကိုရော ထပ်မဝတ်ဘူးလား..."

"ကိုယ်က ဘာမှမဖြစ်ဘူး...။ဒီလောက်နဲ့ရတယ်..."

ထိုသို့ဖြင့် ပြီးစီးချိန်မှာ အောက်ထပ်ဆင်းလာခဲ့လိုက်လျှင် မေမေနှင့်ယောင်းမကလည်း ထနေပြီဖြစ်ကာ ဆွမ်းဟင်းချက်နေကြသည်ကို တွေ့ရသောကြောင့်

"ဟင် မေမေတို့က အစောကြီးထနေကြပြီလား..."

"ဒီနေ့ ချက်ရမဲ့ဆွမ်းဟင်းက ကြာမှာမို့လို့လေ..နည်းနည်းစောထလိုက်ရတာ...။သမီးယောင်းမနဲ့က ကိုယ်ဝန်ရှိပါပြီဆိုကတည်းက ဒီလိုမနက်အစောထပြီးတော့ ဆွမ်းလောင်းနေကျ.."

"ဟယ် ဟုတ်လား...။ကောင်းလိုက်တာ...၊မေမေတို့တော့ ကုသိုလ်တွေ အများကြီးရကြမှာပဲ..."

ထို့နောက် ပြောရင်းဆိုရင်း ညနေကဝယ်ပေးထားသော ပန်းတို့ကိုယူပြီးလျှင် နောက်ကျနေမှာစိုး၍ အမေကျွေးသော နံနက်စာကိုတောင်မစားနိုင်တော့ဘဲ အိမ်ကနေ ခပ်သုတ်သုတ်ထွက်ခဲ့လိုက်ကြတော့သည်။

You are the only Exception!Hikayelerin yaşadığı yer. Şimdi keşfedin