"ကို ပုဆိုးရောဝတ်တတ်ရဲ့လား..."

သူမ၏စကားကို သူက အထင်သေးရန်ကောဆိုသည့်အကြည့်နှင့် ရယ်ဟဟကြည့်လာရင်း တက်ကြွစွာပင် ပြန်ပြောလာသည်။

"ဘာလို့မဝတ်တတ်ရမှာလဲ ဝတ်တတ်တာပေါ့..။ကိုယ့်ကို မေမေက ဘာလူမျိုးဆိုတာမမေ့အောင်လို့ သူများတွေထက်တောင် ပိုဂရုစိုက်ပြီးတော့ သင်ပေးခဲ့တာ...။ကိုယ့်အမျိုး၊ဘာသာ၊ယဉ်ကျေးမှုဆိုတာ ကောင်းကောင်းနားလည်ပြီးသား...။မေတ္တာသုတ်တောင် အလွတ်ရတယ် သိလား..."

သူမက မဆီမဆိုင် မော်ကြွားစရာမရှိ ကြံဖန်မော်ကြွားနေသောသူ့အား ရယ်ချင်စိတ်နှင့်ပင် နှာခေါင်းတစ်ချက်ရှုံ့ကာ ပြန်ပြောလိုက်သည်။

"မေတ္တာသုတ်ရတာကို ဂုဏ်ယူပြီးပြောနေကတည်းက ကို့အခြေအနေကို သိလိုက်ပြီ...။အဲ့ဒါကလွဲရင် ကျန်တာမရဘူးမို့လား..."

"ကျန်တာတွေက အလွတ်တော့ဘယ်ရမလဲ...။ဒါပေမဲ့ စာအုပ်ကြည့်ပြီးတော့ ကောင်းကောင်းရွတ်တတ်တယ်.."

"အဟား ဟုတ်လား ဂုဏ်ယူပါတယ်နော်...။စာအုပ်ကြည့်ပြီးရွတ်တာကတော့ ကလေးတောင်ရွတ်တတ်တယ်...။အမြွှာတွေမွေးလာရင်လဲ ဒီလိုမျိုးပဲ ပြောပြပေးလိုက်ဦး...။ဖေဖေက ဘုရားစာတွေဆို စာအုပ်ကြည့်ပြီးတော့ ရွတ်တတ်ပါတယ်လို့.."

"အဲ့ကျရင် ကလေးတွေကိုသင်ပေးရင်းနဲ့ ကိုယ်ပါအလွတ်ရအောင် အတူတူကျက်လိုက်တော့မှာ..."

ထိုကဲ့သို့ ပြောနေရင်းကနေ ပုဆိုးဝတ်နေသောသူ့အား သူမက အသာကြည့်နေလိုက္မိသည်။သူပြောသည့်အတိုင်းပင် ဝတ်နေသည်ကတော့ သူ့အချိုးနှင့်သူ ချက်ကျလက်ကျ အဆင်ပြေအောင်ဝတ်ထားသည်မို့ အရပ်ရှည်ရှည်နှင့်သူက ပုဆိုးနှင့်လိုက်ဖက်ကာ ကြည့်ကောင်းလှပေသည်။အနက်ရောင်စတစ်လက်ရှည်ကို အစင်းခြစ်လေးတွေအပေါ်မှာ မနောတိုင်ပါသည့် ကချင်ပုဆိုးနှင့် တွဲပေးထားခြင်းဖြစ်လေရာ အနက်ရောင်အင်္ကျီနှင့် နီညိုရောင်ပုဆိုးက သူ့ကိုယ်ပေါ်မှာ အသားကျစွာထင်ပေါ်နေပြီး ထင်းထွက်လာသောအသားအရေတွေကတော့ ပုံမှန်ထက်ကို ပိုမိုဖြူဝင်းလာသယောင်ပင်။သို့နှင့် သူမက ပုဆိုးနှင့်ပုံစံကို မြင်ရလေ့မရှိသောကြောင့် သဘောကျစွာပြုံးမိသွားရလျှင် ရိပ်ခနဲဖမ်းမိသွားသည့်သူက ပြုံးစစနှင့်ပြန်ကြည့်ကာ ဆောင့်ကြွားကြွားလေသံတို့ဖြင့် ပြောလာလေသည်။

You are the only Exception!Where stories live. Discover now