မန္တလေးမြီးရှည်သည် ၁၉၈၀ ဝန်းကျင်လောက်ကတည်းကပင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး " မန္တလေးမြီးရှည်ရဲ့အစ ဦးချစ်မြို့က" ဟူ၍ ပြောစမှတ်ရှိကြသည့်အတိုင်း မန္တလေးမြီးရှည်ကို ဦးချစ်မြို့ဆိုသူက စတင်မိတ်ဆက်ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ရှေ့မီနောက္မီလူကြီးများမှတစ်ဆင့် ကြားသိရဖူးပါသည်။
ထိုစဉ်က မန္တလေးမြို့တွင် လှည့်လည်ရောင်းချကြသည့် အထမ်းမြီးရှည်အများစုမှာ တစ်ရွာတည်းသားချင်းတွေသာများသည်ဟု သိရပြီး အရန်သင့်ရောင်းချ၍ရအောင် အထမ်းလိုက်ပုတ်ပြတ်ပေးသည်ကို လက်ခွဲယူရောင်းကြသည်များလည်း ရှိသည်ဟု ကြားဖူးနားဝရှိခဲ့ရဖူးလေသည်။ထိုကဲ့သို့ ဆိုင်းထမ်းလေးများနှင့် မြို့အနှံ့သို့ လှည့်လည်ရောင်းချခဲ့သောပုံစံဟာ ယခုခေတ်ကာလ မန္တလေးမြီးရှည်၏ အထင်ကရ Signature တစ်ခုဖြစ်လာသည့် အထမ်းမြီးရှည်ဖြစ်တည်ရာ မူလအစသာပင်ဖြစ်ပေသည်။
ဝါးခမောက်လေးဆောင်းထားသည့် မြီးရှည်သည်ကြီးက ဆိုင်းထမ်းလေးနှင့်လာသည့်အခါ အရိပ်ကောင်းကောင်းတစ်နေရာ၌ စတည်းချလိုက်သည့်အချိန်တွင် စားသုံးသူတို့က မိမိတို့၏အိမ်မှ ကြိမ် သို့မဟုတ် သစ်သားနှင့်ပြုလုပ်ထားသည့် ခွေးခြေခုံဟုခေါ်သော ခုံပုလေးများကိုထုတ်ယူလာကာ ဝိုင်းဖွဲ့စားသောက်ကြသည့်ဓလေ့သည် ရှေးယခင် ခေတ်ကာလတို့၏ အောက္မေ့ဖွယ် ရွှေအိုရောင်ကာလ မြင်ကွင်းလေးများသာ ဖြစ်ပေလိမ့်မည်။ထိုကဲ့သို့ အစပြုလာခဲ့သော မန္တလေးအထမ်းမြီးရှည်၏ မူပိုင်ထုံးတမ်းဓလေ့လေးသည် ယခုခေတ်ကာလအထိတိုင်အောင်ပင် မြတ်နိုးဖွယ်ရာ အမှတ်အသားတစ်ခုအဖြစ် ကျန်ရှိတည်မြဲနေဆဲသာပင် ဖြစ်လေသည်။
အနံ့အရသာနှင့် ပြည့်စုံကောင်းမွန်သော မြီးရှည်တစ်ပွဲဖြစ်လာရန်အတွက်က သူ့နေရာနှင့်သူအရေးပါလှသည့် ပါဝင်ပစ္စည်းများ၏ အချိုးအစားကျနမှုမှာ အဓိကအကျဆုံးပင်ဖြစ်သည်။မန္တလေးအထမ်းမြီးရှည်မှာမူ ပဲငပိ၊ကော်ရည်၊ကြက်သွန်ဖြူနံနံရည်နှင့် ငရုတ်သီးကြော်ဆီစိမ်၊တိုရ ခေါ် ပဲပင်ပေါက်၊စအုကြော်ဟုခေါ်သည့် ဂျုံလုံးကြော် စသဖြင့် မန္တလေးမြီးရှည်၏ထုံးစံကို သွေဖယ်မသွားသည့် ပါဝင်ပစ္စည်းများက အဓိကပါဝင်ကာ ကျန်သည့် အသားနှင့် အဆာပလာများကတော့ ကိုယ့်အကြိုက်အရ စားချင်သည့်အတိုင်းကို လိုသလိုထပ်ပေါင်း၍ ပြုလုပ်ရခြင်းသာ ဖြစ်လေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Practice
Start from the beginning
