"မရပါဘူး.....။ဘာမှလာမပြောနဲ့..၊ကလေးတွေမွေးလာရင် တစ်ခါတည်းပြောထားမှာ...၊

ဘာလူမျိုးလဲ...မြန်မာလူမျိုး
ဘယ်မြို့သားလဲ...မန်းလေးသူ၊မန်းလေးသားပဲ..."

သူကတော့ ဇာတိသွေးဇာတိမာန်အပြည့်နှင့် အထိမခံရွှေပန်းကန်လုပ်ကာ ဇွတ်ပြောနေသော သူမလေးအား ပြန်ပြောမနေတော့ဘဲ အသာပြုံးကြည့်နေရင်းသာ လွှတ်ပေးထားလိုက်တော့သည်။

ဘာလို့လဲဆိုလျှင် ရွှေမန်းမြို့၏ ဇွတ်မန်းမေမေနှင့် ဇွတ်မန်းအမြွှာများ ဇာတ်ကားမှာ သူက ဗီလိန်ဖေဖေ မဖြစ်ချင်သည်ကြောင့်သာပင်။

--------------------------**************----------------------------

မြီးရှည်ဆိုင်ဆိုသည်မှာ မန္တလေး၏ ရပ်ကွက်တိုင်း၊လမ်းထိပ်တိုင်းတွင် လက်ညှိုးထိုးမလွဲ ပေါများလှသည်။ပေါများသလောက်လည်း ဆိုင်တိုင်းလိုလိုက အရသာကောင်းကြသည်ချည်းပင်ဖြစ်သည်။သူမအနေဖြင့် ပုံမှန်ဆိုလျှင်တော့ အိမ်နှင့်နီးရာ ရပ်ကွက်ထဲက အထမ်းမြီးရှည် သို့မဟုတ် ကိုယ်စိတ်ကူးပေါက်ရာ မြီးရှည်ဆိုင်ကနေ ကြုံသလိုဝယ်စားလိုက်သည်ပင်။သို့တည်းမဟုတ် ယခုလိုမျိုး ပါးစပ်ကနေ သီးသန့်တောင့်တလာသည့် အာသီသမျိုးအတွက်ဆိုလျှင်တော့ သူမက အရင်ကတည်းကပင် (၁၆)လမ်းမြီးရှည်ကအစ အမရပူရမှ အထမ်းမြီးရှည်အဆုံး မြို့၏တောင်ထိပ်မရှောင် မြောက်ထိပ်မရှောင် မရောက်ရောက်အောင် သွားစားတတ်လေ့ရှိသည်။

မြှီးရှည်ဆိုသည့် အသုံးအနှုန်းသည်ကား တရုတ်စကား Mixian မီရှန့်ကနေ ဆင်းသက်လာခြင်းဖြစ်ပြီး  'မီ' ၏အဓိပ္ပာယ် 'ဆန်' နှင့် 'ရှန့်' ၏အဓိပ္ပာယ် 'နန်းလုံး' နှစ်ခုပေါင်းလိုက်သည့်အခါ ' ဆန်နှင့်ပြုလုပ်ထားသည့် နန်းလုံး ' ဟူ၍ အဓိပ္ပာယ်ရလေသည်။ထိုသို့ဖြင့် အချိန်ကာလရွေ့လျားလာချိန်တွင် မီရှန့်ကနေ မြှီးရှည်ဖြစ်လာခဲ့ရင်းမှ ဆက်လက်ခေါ်တွင်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရပေသည်။

မြီးရှည်ကို မြို့အမည်အသီးသီးအားအစွဲပြု၍ ခေါ်ဆိုကြလေ့ရှိပြီး နာမည်အလိုက်ပင် ပုံစံနှင့်အရသာတို့မှာလည်း တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားစွာဖြင့် ရှိနေကြပေသည်။ကျိုင်းတုံမြီးရှည်၊မိုးကုတ်မြီးရှည်၊ကျောက္မဲမြီးရှည်၊မိုးညှင်းမြီးရှည်၊မိုင်းသာမြီးရှည်၊မန္တလေးမြီးရှည် စသဖြင့် အမည်အမျိုးမျိုး ပုံစံအမျိုးမျိုး အရသာအမျိုးမျိုးဖြင့် ရှိကြပြီး ထိုအထဲမှာမှ မန္တလေးမြီးရှည်ကတော့ လူကြိုက်အများဆုံးနှင့် လူသိအများဆုံးပင်ဖြစ်လေသည်။

You are the only Exception!Where stories live. Discover now