ဒီလောက်စိတ်ကိုထိန်းပြီး တရားကျနေသည့်ကြားထဲကတောင် သူ့ရဲ့ဖြစ်တည်မှုတွေအပေါ်မှာ သာယာယစ်မူးကာ ရူပရာဂသံယောဇဉ်ဆိုသည့်အပူမီးက မနေနိုင်မထိုင်နိုင် တောက်လောင်နေရပြန်ပြီ။

မည်သို့ပင်ဖြစ်စေ လူဆိုသောအမျိုးသည်ကား သံယောဇဉ်အပူမီးထဲသို့ ပျော်ပျော်ကြီးတိုးဝင်တတ်သော ပိုးဖလံများသာ ဖြစ်ပေသည်မို့ သူမသည်လည်း လူထဲကလူပင်ဖြစ်ပေရာ မထူးမခြားနားသာပင်။ထို့ကြောင့် ထိန်းချုပ်ရန်ကြိုးစားမနေတော့ဘဲ ရှေ့လျှောက်တွင်လည်း လူဖြစ်ရတုန်းအခိုက်အတန့်၌ ပျော်ပျော်ကြီးသာ ဆက်လက်ပြီး တိုးဝင်နေပေဦးမည်။

ထို့နောက် ကြည့်နေရင်း မနေနိုင်တော့သည်ကြောင့် သူ့ခြေထောက်အား သူမ၏ခြေထောက်လေးနှင့် အသာအယာသွားထိလိုက်သည်။ထိုအခါ ရုတ်တရက်လာထိသောကြောင့် သူက သူမဘက်သို့လှည့်ကြည့်လာကာ ချက်ချင်းမေးရှာသည်။

"ခြေထောက်တွေအေးလို့လား...။အေးနေရင် ကိုယ့်ခြေထောက်ပေါ်ထပ်တင်ထားလေ..."

သူ့စကားကို သူမက ပြုံးပြုံးလေးပင် ခေါင်းခါပြရင်း

"မအေးပါဘူး...။ဒီအတိုင်းပဲ ထိချင်လာလို့.."

သူမ၏ပုံစံနှင့် ပြန်ဖြေလိုက်သောစကားကြောင့် အထက်သို့ကွေးတက်သွားသော နှုတ်ခမ်းများနှင့်အတူ ရယ်ဟဟမျက်နှာက သူမအနားသို့ကပ်ကာ ခပ်တိုးတိုးပြောလာသည်။

"ဘာလဲ မထိရတာကြာတော့ ကိုယ့်ကိုလွမ်းနေလို့လား..."

မည်သို့ပင် ပိုးဖလံချင်းက အတူတူနှင့်အနူနူ ဖြစ်နေပါစေ။သူမကတော့ ပါးစပ်ကနေထုတ်ပြောလာသော သူ့ကိုသာ မျက်စောင်းထိုးကာ ပြစ်တင်ပြောဆိုသည်။

"ဘုရားရောက်နေတာတောင် အဲ့စိတ်တွေက မလျှော့နိုင်သေးဘူး...။ခေါင်းထဲမှာ ဒါတွေပဲ အချိန်ပြည့်တွေးနေတာလား..."

သို့ရာတွင် သူသည် ပိုးဖလံချင်းအတူတူမှာတောင် မျက်နှာပြောင်ကာ စကားတတ်သည့် အလည်လွန်သော ပိုးဖလံသာဖြစ်နေပေရာ

"အချိန်ပြည့်တွေးရမှာပဲလေ...။ဘာလို့လဲဆိုတော့ ကိုယ်က ကိလေသာကုန်ခမ်းပြီးသား သူတော်စင်၊သူတော်မြတ်မှမဟုတ်တာ...။ပြောရရင် ကုန်ခမ်းဖို့ကြိုးစားနေတဲ့ ဘုရားဖြစ်မဲ့ အုတ်နီခဲအဆင့်တောင် မရှိသေးဘူး...။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူနဲ့ သံသရာမှာ ဘဝအဆက်ဆက်ကျင်လည်ဖို့လောက်ပဲ စိတ်ဝင်စားနေသေးတဲ့ကောင်..။အဲ့တော့ ကိုယ်လိုလူမျိုးက နိဗ္ဗာန်ရောက်ဖို့ဆိုတာ အဝေးကြီးလိုသေးတယ်...။လောလောဆယ် အချစ်ကိုပဲ မက္မက္မောမော ကိုးကွယ်ချင်နေတုန်း...။ကျန်တာ ဘာမှထည့်မတွက်နိုင်သေးဘူး..."

You are the only Exception!Where stories live. Discover now