ဒီနေ့ သူမက ပုံမှန်ဝတ်နေကျအတိုင်း ခေတ်မီလွတ်လပ်သောပုံစံ သို့မဟုတ် ရုံးတက်သကဲ့သို့ သားနားသန့်ပြန့်သောပုံစံမျိုးလည်းမဟုတ်ဘဲ ရိုးရိုးတန်းတန်း ချည်သားရှမ်းအင်္ကျီပင်နီလေးကို ပတ်ထဘီအနက်ရောင်လေးနှင့်သာ တွဲဝတ်ထားခြင်းဖြစ်သည်။ထိုသို့ဖြင့် ခဏလောက်အကြာမှာ ကောင်မလေးကပြန်ထွက်လာလျှင် ပိန်ဖျော့ကာ ခြောက်ကပ်နေသောအသားအရေနှင့် လူကြီးတစ်ယောက်ပါလိုက်လာကာ အထုပ်တွေဆွဲရင်း အိမ်ရှေ့မှာရပ်နေသော သူမကိုကြည့်၍ အမေးစကားဆိုလာ‌ေလသည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူးဗျ..."

လူပုံစံက တိုင်းရင်းသားတို့၏ထုံးစံအတိုင်း အပေါ်ယံမပါ ဟန်ဆောင်မှုမရှိဘဲ လေသံတွေကပင် ရိုးသားဖြောင့်မတ်မှန်းသိသာစေကာ ရိုးရိုးအင်္ကျီနှင့်တောင် ထင်းထွက်နေသောသူမ၏ပုံစံကြောင့် အနည်းငယ်ရွံ့တွန့်တွန့်ဖြစ်နေဟန်လည်းရှိသည်။ထို့ကြောင့် ရွှေခေတ်သည် ပြုံးနေကျအတိုင်း ပေါ့ပါးလွတ်လပ်စွာပြုံးပြလိုက်ကာ ချိုသာလှသောအသံလေးဖြင့်ပင်

"စိုင်းအာကာမိုးတို့အိမ် ဟုတ်လားမသိဘူးရှင့်..."

သူမ၏အမေးကို ထိုဦးလေးကြီးက ကမန်းကတန်းခေါင်းညိတ်၍

"ဟုတ်ပါတယ် ပီစိုင်းရဲ့အိမ်ပါဗျ..။သမီးက ဘယ်သူလဲမသိဘူး..."

"အဟင်း ဟုတ်ကဲ့ ကျွန်မက ပီစိုင်းတို့အလုပ်ကပါ...။ဒီနားကိုရောက်ဖြစ်တုန်း ပီစိုင်းအိမ်က ဒီနားလေးတင်ပဲဆိုတာ ပြောပြထားတော့လေ..လမ်းကြုံတုန်းမို့ ဝင်လာလိုက်တာ...။လေးလေးက ပီစိုင်းရဲ့အဖေထင်တယ်..."

"အော် အလုပ်ကကိုး...။ဟုတ်ပါတယ် အဘက ပီစိုင်းရဲ့အဖေပါ...။ဒါက သူ့ညီမလေး..၊ရှစ်တန်းပဲရှိသေးတယ်...။လာပါ အိမ်ထဲဝင်ထိုင်ပါဦး သမီး..."

ထိုသို့ဖြင့် သူမက အိမ်ထဲဝင်ထိုင်၍ သားအဖနှစ်ယောက်နှင့်အတူ အတန်ကြာအောင် စကားပြောဖြစ်ကာ ပြန်ကာနီးတွင် ပါလာသောအားဖြည့်ဓာတ်စာများနှင့် ဆေးဝါးများကို လက်ဆောင်အဖြစ်ပေးသည်။ထိုအခါတွင် အတန်တန်ငြင်းသော်လည်း သူမကို ဆွေမျိုးသားချင်းလိုသဘောထားရင် ယူပါဟုပြော၍ အားနာရလောက်အောင် အခေါက်ခေါက်အခါခါပေးသည့်အခါမှပင် ယူထားလိုက်ကာ ဆုတွေအတန်တန်ပေး‌ေလသည်။ထိုကဲ့သို့ ယဉ်ကျေးချိုသာစွာနှင့်ပြောဆိုဆက်ဆံကာ ခင်မင်ဖွယ်ရာကောင်းသော ပေါ့ပေါ့ပါးပါးပုံစံကြောင့် ကောင်မလေးက ပြန်တော့မည့်အချိန်အထိ သူမ၏လက်ကိုမလွှတ်။ကားရပ်ထားရာနေရာဆီသို့ပင် လိုက်ပို့‌ေပးကာ သူမ မောင်းထွက်လာသည်အထိ မျက်စိတစ်ဆုံးငေးကြည့်ပြီး ကျန်ခဲ့ရှာ‌ေလသည်။

You are the only Exception!Where stories live. Discover now