" ဟင့် ဟင့် ဟင့် "
" ကဲ မေရယ် တော်ပါတော့ သားလေး က ကောင်းတာလုပ်ဖို့ သွားတာကို ဘာလို့ ငိုနေတာတုန်း သား သိရင် စိတ်မကောင်း ဖြစ်အုံးမယ် ပြီးတော့ ခရီးသွားခါနီး အဲလိုမငိုကောင်းဘူး "
ဦးမိုးအာကာ တစ်ယောက် တရှုံ့ရှုံ့နှင့်ငိုနေသော ဇနီးသည်ကို ချော့နေသော်ငြား ကိုယ်တိုင်ကလဲ စိတ်မကောင်း။ တစ်ဦးတည်းသော သားလေးကို ပိုးမွေးသလို မွေးထားပြီး မျက်စိအောက်ကအပျောက်မခံဘဲ စောင့်ရှောက်လာခဲ့သည်မှာ (၂၆) နှစ်ကျော်ခဲ့ပြီ။ သားလေး ဝါသနာပါရာ ဆေးပညာကို သင်ယူစေပြီး ဆေးရုံတည်ပေးမည်ဟု အိပ်မက် မက်ခဲ့သော်လည်း သားတော်မောင် က ပရဟိတ ဆရာဝန်သာ ဖြစ်ချင်သည်ဆိုကာ ကျောက်ပန်းတောင်းဘက်က ရွာကို တာဝန်ကျသည်လေ။ ဘယ်တတ်နိုင်မလဲ သားကိုချစ်ပေမယ့် သားရဲ့အလုပ်ကလဲ မွန်မြတ်တာကို တားမရတော့ လွှတ်ပေးရတာပေါ့။
** ဒေါက် ဒေါက် **
" ဒယ်ဒီ နဲ့ မာမီ သား ဝင်လာမယ်နော် "
" အေးအေး လာလေ သား "
သားဖြစ်သူ အသံကြားတော့ ဒေါ်မေဝသန် လဲ မျက်ရည်ကို ကပျာကယာ သုတ်လိုက်သည်။
" သား မနက်သွားမှာဆိုတော့ ဒယ်ဒီနဲ့မာမီကို လာကန်တော့တာပါ "
" အေးအေး သား "
လင်မယားနှစ်ယောက် တစ်ယောက်လက် တစ်ယောက်ကိုင်ကာ ကုတင်ပေါ်မှာ ထိုင်ပေးလိုက်သည်။ သားလေးကတော့ ရိုကျိုးလျက် မိဘကို ကန်တော့နေလေရဲ့။ ဒေါ်မေဝသန်လဲ ကျတော့မည့် မျက်ရည်တွေကို ထိန်းထားလျက်။
" ဒီခရီးလမ်း ဖြောင့်တန်းလို့ သားလေး ဘေးမသီရန်မခဘဲ လူချစ်လူခင် ပေါပါစေကွာ "
" မာမီလဲ ဒယ်ဒီ နဲ့အတူတူပါပဲ ဟင့် "
" ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဒယ်ဒီ နဲ့ မာမီ "
" အေးအေး နားတော့လေ သား မနက်ကျ ခရီးပန်းမယ် "
" ဟုတ် သားသွားပြီနော် "
ကျွန်တော်လည်း အခန်းထဲကသာ ထွက်လာရတာ မေမေဝမ်းနည်းနေကြောင်းကို သိသည်။ နှစ်သိမ့်ပေးချင်ပေမယ့် ကိုယ့်ကို လိုအပ်သည့်သူတွေဆီကိုတော့ အရောက်သွားရမည် မဟုတ်လား။ ဘောင်းဘီအိတ်ထဲက ဖုန်းမြည်နေတာကြောင့် ဖုန်းကိုင်လိုက်တော့ ...