"သခင်။"

နဉ်ရှုက ဒူးတစ်ဖက်ထောက်လိုက်သည်။

ရွှမ်ဟုန်ယွီကား အမူအရာကင်းမဲ့လို့နေ၏။ နဉ်ရှုရှေ့မှာတော့ သူက အင်မတန်အေးတိအေးစက်နိုင်ကာ ခံ့ညားနေပြီး ဖိနှိပ်သည့်အော်ရာတို့ကို ထုတ်လွှတ်နေသည်။

သူက ခေါင်းမော့လာကာ  ကြမ်းပေါ်မှာဒူးထောက်နေသည့်နဉ်ရှုကို ကြည့်လိုက်ပြီးနောက် စုတ်တံကို မင်အိုးထဲနှစ်လိုက်ရင်းဆိုသည်။

"မင်းက ငါထင်ထားတာထက် နောက်ကျပြီးမှလာတာပဲ။ ဒါပေမယ့် အနည်းဆုံးတော့ မင်း လာသေးသားပဲ။"

နဉ်ရှု : ...

ဒီတော့ အဲ့အဓိပ္ပာယ်ပါတဲ့အကြည့်က သူမကို ပြန်လာဖို့ပြောတာပေါ့လေ။

သူမက ဘယ်လိုလုပ်ပြီး အကြည့်လေးတစ်ချက်ကနေ အကုန်လုံးနားလည်နိုင်မှာလဲလို့? သူမပြန်လာရတဲ့ တစ်ခုတည်းသောအကြောင်းပြချက်က သစ်ပင်ပေါ်မှာ ခြင်တွေအများကြီးရှိနေလို့ဖြစ်ပြီး ဒါက ကြက်ကန်းဆန်အိုးတိုးသွားတာ!

နဉ်ရှုက အမူအရာကင်းမဲ့သည့်မျက်နှာဖြင့်သာရှိနေကာ စကားတစ်ခွန်းမဆိုပေ။

ရွှမ်ဟုန်ယွီက စာရွက်ပေါ်မှာ တစ်စုံတစ်ရာကိုစတင်ရေးဆွဲနေ၏။ ဆွဲလေမြန်‌ပင်။ နောက်ဆုံး၌မူ သူက စုတ်တံကို ‌အားနဲ့ဆောင့်ချလိုက်တာမို့ အနက်ရောင်မင်တွေက စာရွက်ကိုစင်သွား၏။

ရွှမ်ဟုန်ယွီက မျက်မှောင်ကုတ်လိုက်ပြီးနောက် စာရွက်ကို လုံးချေကာ လွှင့်ပစ်လိုက်သည်။

နဉ်ရှု : ...

အရင်ဆုံး သူ သူမကို ဒူးမထောက်တော့ဖို့ ပြောလို့ရမလား?

ရွှမ်ဟုန်ယွီက နဉ်ရှုကိုငုံ့ကြည့်ကာမေးလာသည်။

"ဒီတစ်ခေါက် မင်းတာဝန်က ဘာလဲသိလား?"

"ဒီငယ်သားသိပါတယ်၊ မစိုးရိမ်ပါနဲ့သခင်။ ဒီငယ်သားက သခင်မလေးရှန့်ကွမ်းကို သေချာကာကွယ်ပြီး ဘာအန္တရာယ်မှမတွေ့စေရပါဘူး။"

နဉ်ရှုက သစ္စာဆိုသည့်အမူအရာဖြင့်ပြော၏။

ရွှမ်ဟုန်ယွီက နဉ်ရှုရဲ့လှိုက်လှဲလှသည့်စကားတို့ကို လုံးဝမတုန့်ပြန်ဘဲ သူမကို စိတ်မဝင်စားစွာသာဆက်ကြည့်နေလေ၏။ နဉ်ရှုမှာ သူမရဲ့ကမောက်ကမဖြစ်တတ်တဲ့ရောဂါ ပြန်ထလာတော့မလိုခံစားလိုက်ရရှာ၏။

My Master Can't Be This Yandere! (Realm -15) [Myanmar Translation]Where stories live. Discover now