ညလေပြည်သည် တံခါးအပြင်မှ တိုးဝင်လာသည် ။
လေနှင့်အတူပါလာသော တောပန်းရန့သင်းသင်းက သူ့တည်းခိုဆောင်အတွင်း မွှေးကြိုင်သွားသည် ။
ဟိုးအဝေးမှ ကင်းများ၏ သံချောင်းခေါက်သံကိုကြားလိုက်ရသည် ။
ဒေါင်..ဒေါင်..ဒေါင်
သံချောင်းခေါက်သံကြောင့် ငြိမ်သက်စွာ ငေးမောနေတဲ့ ရိပေါ့်မျက်လုံးတွေအသက်ဝင်လှုပ်ရှားလာ၏ ။
အတွေးလွန်သောမျက်နှာသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည် ။
ထို့နောက်ရေနွေးကြမ်းတစ်ခွက်ကိုမော့သောက်လိုက်၏ ။ လည်ချောင်းထဲတွင် ဖန်ခါးခါးအရသာကိုနှစ်လိုဖွယ်ခံစားလိုက်ရသည် ။ သူငြိမ်သက်နေရာမှ စတင်လှုပ်ရှားလိုက်သည် ။
" ဝင်လာခဲ့...''
တစ်ဆက်တည်းမှာပင် လူရိပ်တစ်ခုသည် ငှက်ကြီးတစ်ကောင်အလား သူ့တည်းခိုဆောင်ထဲသို့ ဝဲပျံလာပြီး လွှားခနဲ ပြန်ဆင်းလာသည် ။
" အရှင်..''
ထိုလူရိပ်သည် ကြမ်းပြင်နှင် ထိသည့်တစ်ပြိုင်နက် ကိုယ်ရှိန်သက်ပြီး ဒူးထောက်အရိုအသေပေးသည် ။
" အင်း ဘာတွေသိထားလဲ ''
" ကျွန်တော်မျိုး ဝံပုလွေဂိုဏ်းကလို့ မသက်ာတဲ့ လူနောက်ကို နောင်ယောင်ခံစုံစမ်းခဲ့ပါတယ် အရမ်းလျှင်တဲ့ လူဖြစ်လို့ ကျွန်တော့် ခုနှစ်ကွေ့တောင်ကြားလမ်းကြားမှာ မျက်ခြေပျက်ခဲ့ပါတယ်..''
" ခုနှစ်ကွေ့တောင်ကြားလား? ''
ရိပေါ် သေချာအောင်ပြန်မေးလိုက်သည် ။
" ဟုတ်မှန်ကြောင်းပါ အရှင် ''
" မောင်းမင်းသိခဲ့တာ ဒါပဲလား ''
" နောက်ပြီး ကျွန်တော်မျိုး ဒီစာကိုရရှိခဲ့ကြောင်းပါ ''
အသေအချာလိပ်ထားသော စာလိပ်လေးအား တရိုတသေ ကမ်းပေးသည် ။ ရိပေါ် ဆက်ခနဲယူကြည့်လိုက်ရာ..
စာထဲတွင်
" ကျွန်တော်မျိုးတပ်သား၏ ညံ့ဖျင်းမှုကြောင့် တာဝန်ပြီးမြှောက်မှု နှောင့်နှေးခဲ့ရပြန်ပါပြီ အရှင်မ..အရှင်မရဲ့ အမိန့်တွေအားဆက်လက်လုပ်ဆောင်ရန် သနားညှာတာစွာဖြင့် နောက်ထပ်အခွင့်အရေးပေးစေလိုပါတယ်..''