“အဲ့မိန်းမကြီးက ကြောက်နေတာပေါ့ဟယ်။ ပြေးတာပေါ့”

“ဟယ် ဟယ် ဘာဆက်ဖြစ်သွားလဲ”

“မိတာပေါ့ဟယ် ဟိုက ဗန်ပိုင်းယားလေ။ သိတယ်မို့လား တန်ခိုးရှိတယ် ပြေးရင် ရွှီးရွှီးနဲ့ နေမှာပေါ့”

ညွှန်းက သူ့ဗန်ပိုင်းယားကို အပြတ်အသတ်အမွှန်းတင်၏။ နွယ်ကတော့ လက်ဖက်ရည်တောင် မသောက်နိုင်တော့ဘဲ ပိုပြီးစိတ်ဝင်တစားရှိလာ၏။

“အဲ့တော့ အဲ့မိန်းမကြီးသေသွားလား”

“ဟဲ့ ဪ အဆင့်မကျော်နဲ့လေ ပြောမှာပေါ့၊ အမလေး ရေဆာလိုက်တာ”

အ‌ရေးထဲမှ ရေလာဆာနေသော မိညွှန်းကိုကြည့်ကာ နွယ်နဲ့ ခင်မြတို့ လက်သီးတပြင်ပြင်ဖြစ်နေကြပေမဲ့လည်း သူပြောမှသိရမဲ့ဇာတ်လမ်းဆိုတော့လည်း မကျေမနပ်နဲ့ကြည့်ရုံသာ တတ်နိုင်သည်။

“ဂလု အေး၊ ရပြီ၊ ဆက်ပြောမယ်နော် အဲ့တော့ဘယ်နားရောက်သွားလဲ”

“မိသွားပြီ မိသွားပြီ”

ခင်မြက ကမန်းကတန်းစကားထောက်၏။ နွယ်ကလည်း ခေါင်းပြုတ်ထွက်မတတ်ညိတ်ပြလေသည်။

“အေး မိသွားတော့လေ ဗန်ပိုင်းယားကြီးက သူ့ရဲ့စူးပြီးကျဥ်းတဲ့သွေးနီမျက်လုံးတွေနဲ့ နှုတ်ခမ်းချွန်ချွန်တွေကို တင်းတင်းစေ့ပြီး အဲ့မိန်းမကြီးကို ညှို့လိုက်တာ”

“ဟေ ဟဲ့ အဲ့တော့ ဘာဖြစ်ဝါးလဲ”

“ဖြတ်မပြောနဲ့လေ ခင်မြ တိတ်တိတ်နေ”

ထိပ်တန်းစိတ်ဝင်စားသူနှစ်ဦးဖြစ်တဲ့ နွယ်နဲ့ခင်မြတို့ကြား ဂယက်လေးဖြစ်သွား၏။ ညွှန်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်ပြောလေသည်။

“အဲ့လို ညှို့ပြီး အဲ့မိန်းမကြီး မလှုပ်နိုင်မယှက်နိုင်နဲ့ဟာ၊ သိတယ်မလား။ ကြောင်ပြီး ရပ်ကြည့်နေသလို မျိုးကြီးလေ”

“အေးအေး သိတယ် သိတယ်”

“အေး အဲ့လိုဖြစ်နေတုန်းမှာပဲ”

“ဟယ် အဆင် အဆင်တော့ အဆင်...”

“ဗန်ပိုင်းယားက အဆင်ကို... အဲလေ မြဆံထိုး... နင်ဘယ်လိုဖြစ်နေတာလဲ”

Love Zone (Completed)Where stories live. Discover now