အပိုင်း ( ၃၉ ) ( Unicode )

Start from the beginning
                                    

“ လေးဆက် မင်း တွေ့လား ... မင်းဟာမလေး ဘယ်လိုအချိုးချိုးသွားလဲဆိုတာကို မင်း တွေ့လား ”

“ အေးပါ ... အေးပါ ... မင်းကလည်း စိတ်ကြီးပဲ ... လာ သွားရအောင် ”

လေးဆက်လည်း စိတ်တိုနေသည့်မြတ်သူလက်ကို ဆွဲကာ မေမြတ်နောက်ကို အမှီပြေးလိုက်ရသည်။ ထို့နောက် သုံးယောက်သား တက္ကစီတစ်စီးငှားပြီး မြန်မာပလာဇာဘက်သို့ ထွက်လာခဲ့ကြသည်။ ဒါတောင် ကားပေါ်တွင် သူ့ကို အလယ်မှာထားပြီး ဘေးနှစ်ဖက်က ရန်သတ်နေကြသည်ကိုလည်း နားမခံနိုင်စွာ ကြိတ်မှိတ်သည်းခံခဲ့ရသေးသည်။

Ice Berry ထဲဝင်လိုက်တော့ မုန့်ကိုယ်စီနှင့် လေပစ်ပြီးစောင့်ဆိုင်းနေကြသူတွေက နောင်ခန့်နှင့် ဥဥ။ လေးဆက်တို့ ဆိုင်ထဲဝင်လာတာကို တွေ့တော့ နောင်ခန့်က လက်လှမ်းပြပေမဲ့ ဥဥကတော့ ပါးစပ်ထဲ မုန့်အပြည့်ရှိနေသဖြင့် ဘာတစ်ခွန်းမှ လှမ်းမဟနိုင်ပေ။

လေးဆက်တို့ သုံးယောက်လည်း ဆာလောင်နေသည့် ဝမ်းဗိုက်ကို ဖြည့်တင်းရန်အလို့ငှာ မုန့်သွားမှာလိုက်ကြပြီးမှ ‌ထိုင်ခုံမှာ ကိုယ်စီဝင်ထိုင်လိုက်ကြသည်။ နေရာမှာ လူစုံသွားတော့ မေမြတ်က

“ ဘယ်အချိန်သွားကြမလဲဆိုတာကို ဆုံးဖြတ်ပြီးပြီလား ”

မေမြတ်ရဲ့အမေးက အစမရှိ အဆုံးမရှိပေမဲ့ လေးဆက်တို့အားလုံးကတော့ မေမြတ် ဘာကိုဆိုလိုချင်သလဲဆိုတာကို နားလည်သည်။

“ နောက်အပတ်လောက်မှ သွားကြမယ်လေ ... အခုက ငါ တက်လက်စသင်တန်းက မပြီးသေးလို့ ... ”

နောင်ခန့်က သောက်လက်စအအေးကို စားပွဲပေါ်ချလိုက်ရင်း မေမြတ်ရဲ့အမေးကို ပြန်ဖြေသည်။

“ မနှစ်ကတော့ ငါတို့ ပုဂံကို သွားကြတာနော် ... အဲဒီတုန်းကဆို တော်တော်ပျော်ဖို့ ကောင်းတာ ... တည်းခိုခန်းခလည်း မကုန်ဘူး ... အစားအသောက်ဖိုးလည်း မကုန်ဘူး ... အဟိ နောင်ခန့်လေးရဲ့ကျေးဇူးကြောင့် ... ”

“ ကပ်စေးနည်းမ ”

မေမြတ်က အတိတ်ကို လွမ်းဆွတ်တမ်းတစွာ ပြောနေတုန်း မြတ်သူက သူ့အစ်မကို မကျေနပ်သည့် စိတ်အခံဖြင့် ဝင်ဖဲ့သည်။ ကျန်သည့် လူများကတော့ မောင်နှမနှစ်ယောက်၏မဆုံးနိုင်သော ရန်ပွဲတွေကြားထဲမှာ ပရိတ်သတ်သာသာပင်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now