16

332 64 8
                                    

#Unicode
အခန်း(၁၆)
မောင်းမဆောင်ထဲက အကြီးဆုံးချစ်သူ
<<<<<

ချင်ကျိုးက ယန်းရှီးယွီတစ်ယောက် သူ့မိဘများ၏ကားမတော်တဆမှုအကြောင်း လျှို့ဝှက် စုံစမ်းနေခဲ့ကြောင်း ရှာတွေ့ခဲ့ချိန်က ယန်းရှီးယွီက သူထင်ထားသလို အသည်းမာသောဝံပုလွေတစ်ကောင်လိုမဟုတ်ဘဲ အသိတရားအနည်းငယ်ရှိနေသေးသည်ဟု တွေးခဲ့မိသည်။

ယန်းရှီးယွီက ထိုဖြစ်ရပ်ကို မမေ့သွားစေရန်အတွက် သူ့ကိုယ်သူသတိပေးနေဟန်ဖြင့် ထိုနေ့ရက်အတိအကျကို တံခါး၏ စကားဝှက်အဖြစ် ထားမည်ဟု လုံးဝမထင်ထားမိခဲ့ပေ။

ချင်ကျိုး၏စိတ်ထဲတွင် အခြေအမြစ်မရှိသော မှန်းဆချက်များစွာ ပေါ်ထွက်လာခဲ့သည်။ အိမ်တံခါးကိုတွန်းဖွင့်ပြီး ဖုံးကွယ်ထားသည့် အမှန်တရားကို ရှာဖွေနိုင်လောက်သော်လည်း သူမလုပ်ခဲ့ချေ။

သူက ယန်းရှီးယွီ တားထားသည့်မျဉ်းများကို အမြဲတမ်းဖြတ်ကျော်လေ့ရှိသော်လည်း စိတ်အတွင်းထဲတွင်တော့ သူ၏ ဆရာပေါက်စလေးကို စိတ်မတိုစေချင်ပေ။

"ငါက တကယ့်ကို လိမ္မာတဲ့ကျောင်းသားလေးပဲ...."

ချင်ကျိုး သူ့ကိုယ်သူလှောင်ရယ် ရယ်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကိုထုတ်လိုက်ပြီး အချိန်ကုန်မြန်စေရန် ထိုင်သောက်ရန်ပြင်လိုက်သည်။

ထိုအချိန်တွင် ယန်းရှီးယွီ၏ ပုံရိပ်က လှေကားထောင့်မှ ပေါ်ထွက်လာခဲ့သည်။ နှစ်ယောက်လုံး အမှတ်မထင် မျက်နှာချင်းဆိုင်တွေ့သွားခဲ့ပြီး မလှုပ်မယှက်တောင့်တောင့်ကြီး ရပ်နေမိကြသည်။

ချင်ကျိုး၏ လက်တစ်ဖက်ထဲတွင် ဆေးလိပ်တစ်လိပ်ရှိနေပြီး နောက်လက်တစ်ဖက်တွင် မီးခြစ်ရှိနေသည်။ ယန်းရှီးယွီ၏ အကြည့်များ သူ့လက်ပေါ်ကျရောက်လာချိန်တွင် သူ့လက်ထဲမှ ဆေးလိပ်ကို အိတ်ကပ်ထဲပြန်ထည့်လိုက်တော့သည်။

ယန်းရှီးယွီက ချင်ကျိုးရောက်နေသည်က်ို အံ့ဩပုံမပေါ်ပေ။ မျက်လွှာချလိုက်ပြီး လှေကားမှတဆင့် အပေါ်ကိုတက်လာရင်း ပြောလိုက်သည်။
"ဘာလို့ထပ်ရောက်လာရပြန်တာလဲ?"

Blank Charge (Myanmar Translation)Where stories live. Discover now