ထူးထူးတို့ စားသောက်ပြီးချိန် ဦးမောင်ကိုလည်း
မခေါ်ချင်တော့တာနဲ့ တက်စီနဲ့သာပြန်ခဲ့ဖြစ်သည်။
ထူးထူး အိမ်ပြန်ရောက်တော့ ခြံထဲတွင်
ရပ်ထားသော အိမ်က ကားမဟုတ်သည့်
ကားတစ်စီးကို တွေ့လိုက်ရသည်။
ဧည်သည်ရောက်နေတာများလား..?။
အိမ်ထဲဝင်လာတော့ ဘယ်သူမှ မရှိ...
ကိုခွန်းသော် ဧည်သည့်ဖြစ်လောက်သည်။
ကိုခွန်းသော် က သူ့ဧည့်သည်ဆို
သူ့အခန်းထဲသာခေါ်တွေ့တတ်သည် မဟုတ်ပါလား..။
ထူးထူး အခန်းထဲဝင် ရေမိုးချိုး
အဝတ်စားလဲပြီးတော့ မသိတဲ့ ဖုန်းနံပါတ်နှင့်
ဖုန်းတစ်ကောလ် ဝင်လာတာကြောင့်
ကိုင်လိုက်တော့..
"ဟယ်လို..."
"ဟယ်လို...ထူးထူး..."
တစ်ဖက်က ဘယ်သူ့အသံမှန်း ထူး ကောင်းစွာ မသိ၊ ..
"ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူး....."
"ကိုကြီးဝေယံပါ...၊ "
ဟင် ကိုကြီးဝေယံ...? ကိုကြီးဝေယံဆိုတာ
ထူးကို ပန်းချီ သင်ပြပေးခဲ့ဖူးသည့် ဆရာဖြစ်သည်။
သူက နိုင်ငံခြားမှာအလုပ်သွားလုပ်နေတာကြောင့်
သူနဲ့ ဆက်အသွယ်မရတာ တစ်နှစ်လောက်ရှိနေပြီ
ဖြစ်သည်။
"ထူးထူး အိမ်ရှေ့မှာ ကိုကြီးရောက်နေတယ်
မနေ့ကမှ ပြန်ရောက်လို့၊ လာတွေ့တာ...၊ "
ကိုကြီး ဝေယံ စကားကြောင့်
ထူးထူး ကြောင်အသွားသည်။
ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး...
"ဟို ထူးက အိမ်ပြောင်းသွားပြီ ၊
အရင်အိမ်မှာ မနေတော့ဘူး.."
"ကိုကြီးသိပါတယ်.. ၊
အိမ်အသစ်ရှေ့ကိုပဲ ရောက်လာတာ.."
အန်..
ထူးထူး အခန်းထဲမှ ထွက်ကာ အောက်ထပ်သို့
အမြန်ဆင်းခဲ့ရင်း...အပြင်ကို ထွက်ကြည့်တော့..
ကားကို မှီကာ စောင့်နေသည့် ကိုကြီးဝေယံကို
တွေ့လိုက်ရသည်။
"ထူး.. မတွေ့တာကြာပြီ......"
သူပြုံးက နှုတ်ဆက်စဉ်၊ ပြန်ပြုံးပြလိုက်ကာ...
ခေါင်းထဲတွင် ချက်ချင်းပေါ်လာသူက အသူရာပင်။
ဒီကိစ္စ အသူရာ ဆေးထိုးလိုက်တာပဲ
ဆိုတာ သေချာသည်။
ထူးထူး အိမ်ပြောင်းသွားတာကို အသူရာက
လွဲပြီး ဘယ်သူမှ မသိဘူးလေ။
ကိုကြီး ဝေယံကိုလဲ အသူရာ ပြောလိုက်ပုံပင်။
"ရော့ ဒါ ထူး အတွက် မွေးနေ့ လက်ဆောင်..."
ခုမှ ပြန်ရောက်လာတဲ့ လူက မွေးနေ့ လက်ဆောင်ကြီး ချက်ချင်း ထိုးပေးနေတာကြောင့် သူပေးတဲ့
လက်ဆောင်ကို ထူး မယူဖြစ်...
"အာ ကိုဝေယံကလဲ၊ ထူး မယူပါရစေနဲ့ ...၊
ထူးက ဘာမှတောင် လိုက်မကျွေးရပဲနဲ့....."
"မရဘူး... ငြင်းတော့ မငြင်းပါနဲ့ .. ၊
မတွေ့တာလဲ ကြာပြီလေ၊ ပြီးတော့
ဟိုက အပြန်လက်ဆောင် အနေနဲ့ရော၊
မွေးနေ့လက်ဆောင် အနေနဲ့ပါ ပေးတာပါ၊
အရမ်းတန်ဖိုးကြီးတဲ့ အရာလဲ မဟုတ်ပါဘူး...
အမှတ်တရလေးပေါ့.. ရော့...
လက်ခံလိုက်ပါနော်... "
ထူးထူးလဲ ဆက်မငြင်းတော့ပဲ
အားနာလာသဖြင့် ယူလိုက်တော့....
"ဖွင့်ကြည့်လိုက်ပါဦး ကြိုက်ရဲ့လားလို့... "
ဒါပါနဲ့ဆို ဒီစကားကြားရတာ လေးခါမြောက်....၊
ဒီနှစ်မှာ ဟန်ဆောင်မျက်နှာဖုံး တပ်ထားသည့်
မွေးနေ့လက်ဆောင် များစွာ ရရှိခဲ့သည်။
ထူးထူး ဗူးလေးကို ဖောက်လိုက်တော့
ရေဆေးရောင်စုံလေးများကို တွေ့လိုက်ရသည်။
သူကသာ တန်ဖိုးမကြီးဘူး ပြောသော်လည်း၊
ဒီတံဆိပ်က စျေးကြီးမှန်း ထူးသိတာကြောင့်...
"ကိုကြီးဝေယံ ..၊
ထူး ဒါတွေ မယူပါစေနဲ့ ၊ ပြန်ယူပါနော်..."
ဟုပြောကာ သူ့ထံ ပြန်ထိုးပေးတော့ သူက
လက်နှစ်ဖက် လေထဲ မြှောက်ရင်း.....
"၀ယ်ပြီးသွားပြီလေ ... ထူးရဲ့...၊
ကိုလဲ မသုံးတတ်ဘူး......ယူလိုက်ပါ..."
ထူး ဘာမှ ပြန်မပြောခင် ခြံထဲမှ ထွက်လာတဲ့ကားက
မီးထိုးလိုက်တာကြောင့် မျက်လုံးတွေ စူးသွားရသည်။
ခြံရှေ့မှာ ပိတ်ရပ်နေမိတာကြောင့်
ထူးထူး ကားထွက်လို့ ရအောင်
ဖယ်ပေးလိုက်သော်လည်း ကားက မထွက်လာပဲ
ခြံဝမှာ တန်းလန်းကြီး ရပ်နေသည်။
"ထူးကို နောက်တစ်ခါ အဲ့လောက်ထိ
မဝယ်ပေးပါနဲ့.. ၊၀ယ်ပေးမယ်ဆိုလည်း
ထူး မုန့်ကျွေးတာလေးတော့
လိုက်စားပါနော်... မနက်ဖြန်အားလား.....?"
ထူး စကားဆက်လိုက်တော့ ကိုဝေယံက....
"ရပါတယ် ကို မစားတော့ပါဘူး..."
"မလုပ်ပါနဲ့ ..
"တီ...."
"အမေ့...."
ခုနက ကားက ရုတ်တရက်
ဟွန်းတီးလိုက်တာကြောင့် ထူးထူး
လန့်ပြီး ထ အော်မိသည်။
ကိုဝေယံ့ကားကို ကြည့်တော့လဲ
အလွတ်ကြီးပါ.. ဘာလို့ မထွက်သေးတာပါလိမ့်..။
ကားမီးတွေ ပိတ်သွားပြီး ကားတံခါး ပွင့်လာသည်။
ကားထဲမှ ဆင်းလာသူကို ကြည့်လိုက်တော့
အာဏာမင်းဆက် ဖြစ်နေတာကြောင့် ထူးထူး
တုန်လှုပ်သွားမိသည်။
သူစီးနေကြ ကားတွေနဲ့ မဟုတ်လို့
သူရောက်နေမှန်း ထူးထူးမသိခဲ့။
သူက ဘာလို့ ဒီကို ရောက်နေတာလဲ?။
ထူးထူးကိုကျတော့ မအားဘူးပြောပြီး
ပြန်သွားပြီးတော့....
"အာဏာ...."
"ဘာလုပ်နေတာလဲ...?!!."
လေသံက တော်တော်လေး မာနေလေသည်။
"ဟို.. တစ်ခါထဲ မိတ်ဆက်ပေးမယ်နော်..
အာဏာ... ၊ ဒါက ထူးကို ပန်းချီသင်ပေးဖူးတဲ့
ဆရာ ကိုဝေယံတဲ့... ၊ ကိုကြီးဝေယံ...၊
ဒါက ထူးတို့ကျောင်းကပဲ အာဏာမင်းဆက်တဲ့....."
ထူးက မိတ်ဆက်ပေးလိုက်တော့ ကိုဝေယံက
ပြုံးပြသော်လည်း အာဏာက ပြန်လည်
ပြုံးပြခြင်းမရှိ...
"တွေ့ရတာ ၀မ်းသာပါတယ်.. ညီ..."
ကိုဝေယံ ကမ်းပေးလိုက်သော လက်ကို
အာဏာမင်းဆက် ဂရုမစိုက်...
"လာ..."
အာဏာက ထူးလက်ကို အတင်းဆွဲကာ
ခေါ်သဖြင့် ထူး ပါသွားရသည်။
ကိုဝေယံကို အားနာနာနှင့်..
"ကိုကြီးဝေယံ ထူး သွားလိုက်ဦးမယ်နော်...၊
လက်ဆောင် အတွက် ကျေးဇူးပါနော်..."
ကိုဝေယံက ခေါင်းငြိမ့်ပြကာ ကားထဲဝင်သွားတော့
ထူးလဲ အာဏာ့ ကားထဲ ရောက်နေပြီ ဖြစ်သည်။
"ဘယ်သွားမလို့လဲ အာဏာ....၊
ပြီးတော့ ဘယ်လိုလုပ်ပြီး
ဒီကို ရောက်နေတာလဲ..?... "
အာဏာမင်းဆက်က ထူးထူးမေးတာကို
မဖြေပဲ ကားကို တရကြမ်းမောင်းထွက်လေသည်။
အရာရာ သူ့စိတ်ကြီးပါပဲလား... ။
စိတ်ရင်းအမှန်တွေပေါ်လာမှ
သူဘယ်လောက်ထိ စိတ်ကြီးမှန်း သိလာရလေသည်၊
လူရှင်းသော တစ်နေရာတွင် ကားကိုရပ်လိုက်ကာ...
"ဘယ်အချိန်ရှိနေပြီလဲ ထူးထူးသော်...."?
ထူးထူးနာရီကို ယောင်ယမ်းပြီး
ကြည့်လိုက်သော်လည်း ဘာမှတော့ ပြန်မဖြေဖြစ်.. ၁၁နာရီ ထိုးနေလေပြီ..။
အာဏာက ထူးထူးလက်ထဲမှ ဗူးလေးကို
ဆွဲလုလိုက်ကာ အပြင်သို့ လွှတ်ပစ်လိုက်လေသည်။
"ဟာ... ဘာလုပ်တာလဲ...?"
"လွှတ်ပစ်လိုက်တာလေ..၊
နောက်....အဲ့ကောင်နဲ့ မပက်သက်နဲ့...."
"ဘာကြောင့်လဲ...?
ထူးက ဘာလို့ သူနဲ့ မပက်သက်ရမှာလဲ...?
အဲ့တာ ထူးဆရာနော်...၊ "
အာဏာမင်းဆက်က ထူးထူးကို ကြည့်လာသည်။
မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့်...
"ဆရာဆိုတိုင်း ဖြစ်ချင်တိုင်းဖြစ်နေလို့ရလား
ထူးထူး..?"
ထူးထူး အံကိုကြိတ်လိုက်မိသည်။
ထွက်လာတဲ့ ဒေါသတွေကြောင့်
မပြောသင့်သေးတာတွေ ပြောမိကုန်တော့မှာ
စိုးတာကြောင့် သက်ပြင်းကို လေးပင်စွာ
ချလိုက်ကာ...
"ထူး တောင်းပန်ပါတယ် အာဏာ...၊
နောက် မပက်သက် တော့ပါဘူး......"
ထူး ခေါင်းကို ငုံ့လိုက်ပြီး ကျလာတော့မယ့်
မျက်ရည်တွေကို အာဏာ မမြင်အောင်
ဖုံးကွယ်လိုက်မိသည်။ နှစ်ယောက်လုံး
အတန်ကြာ စကားမပြောဖြစ်ကြတော့.. ၊
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်
ငြိမ်သက်နေသည်။
"နောက်လထဲ သြဇီကို
ကျောင်းကိစ္စနဲ့ သွားရမယ်..."
ဒီလိုတွေဖြစ်နေတာတောင် ပြောထွက်လာတဲ့
စကားတွေကြောင့် ထူးထူးရဲ့
ရင်ထဲ ပူလောင်သွားရသည်။
"တစ်ပတ်လောက်ပါပဲ.. ဒီမှာတော့
ကျောင်းနားလိုက်တော့မယ်....
ဟိုကို သွားဖို့ကလဲ မလိုတော့ဘူး ဆိုတော့လေ..."
ထိုစကားက သူ့အတွက် ဒီလောက်တောင်
အေးဆေးပေါ့ပါး စေသလား..
"တကယ်သွားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့..?"
"အင်း...."
ရက်စက်လိုက်တာ...။
သူ့အဲ့ကို ရောက်တာနဲ့ ထူးထူးနဲ့
အဆက်ဖြတ်တော့မယ် ဆိုတာသိသိကြီးနှင့်
သူ့အပေါ်ယိုင်နေမိတဲ့ စိတ်တွေက ဘယ်လိုမှ
သူ့ကို အနိုင်ပိုင်းဖို့ အင်အားမရှိ ဖြစ်နေရသည်။
"ဒါဆို ထူးကရော...?."
ဒီ မေးခွန်းကို ထူး မမေးချင်ပါ..
အစောကြီးထဲက သိနေတဲ့ အဖြေတစ်ခု
မဟုတ်ပါလား....၊
သိသိရက်နဲ့ ဇွတ်တိုးနေခဲ့တာ မိမိလေ...
"ကို အပြီး မနေပါဘူး..၊
ကျောင်းက သုံးနှစ်ပဲ တက်ရမှာ...၊
ကြားထဲလဲ ပြန်လာနေဦးမှာပဲလေ..
ထူးလဲ လာလည်လို့ရတာပဲ..."
ဒီစကားတွေက ခဏတာ ပြေလည်ဖို့အတွက်
ပြောနေတာမှန်း ထူးထူး သိပါတယ်...။
ထူးထူးကသာ ရူးရူးမိုက်မိုက်
ဖက်တွယ်နေမိတာလေ။
.....................
ညသန်းခေါင်ကြီး ခွန်းသော်ဆီမှ
ဖုန်းလာတာကြောင့် အသူရာ ကိုင်လိုက်တော့....
"ဟယ်လို..."
"အသူရာ..၊ ကို အိမ်ရှေ့ရောက်နေတယ် ..
ထွက်ခဲ့..."
ဟင်..၊ အသူရာ အိပ်ယာမှ ကုန်းရုန်းထကာ
ဧည့်ခန်းထဲ ပြေးပြီး ပြတင်းပေါက်မှ
အပြင်သို့ လှမ်းအကြည့်၊ ခြံရှေ့လမ်းမတွင်
ကားတစ်စီးရပ်ထားသည်ကို
တွေ့လိုက်ရတာကြောင့် ၊
ရင်ခုန်နှုန်းတွေ မြန်လာရသည်။
ချက်ချင်းထွက်ဖို့ က အဆင်မပြေတာကြောင့်....
"ခဏနော်...၊"
ဟု ပြောကာ ဖုန်းချပြီး၊ အခန်းထဲပြန်ဝင်ကာ
ဆံပင်တွေသပ်၊ မျက်နှာလေးအား
တို့ပက်လေးရိုက်ကာ၊ မျက်ခုံးမွှေးလေး
အနည်းငယ် ကောက်တို့ပြီး၊
အိမ်ထဲမှ ထွက်လာခဲ့လိုက်သည်။
အသူရာ သူ့ကားပေါ်ရောက်သည်နှင့်
သူက မောင်းထွက်လိုက်တာကြောင့်..
"ခွန်းသော်..? ဘယ်သွားမလို့လဲ..? ၊
အိမ်က သိရင် စိတ်ပူနေလိမ့်မယ်..၊
ဘာမှ မပြောခဲ့ရဘူး.."
ဟုပြောတော့ သူက......
"ခဏပါပဲ...၊
အသူရာ့ကို လွမ်းလို့ လာတွေ့တာ၊ ..."
ဟုပြောရင်း သူမောင်းလာတာက
မြေကွက်လပ်ခြံတစ်ခုထဲသို့၊
ထိုခြံထဲတွင် ကားကိုရပ်လိုက်ပြီး၊
ထိုင်ခုံ seat belt ကိုဖြုတ်ကာ အသူရာ့အား
တင်းကျပ်စွာ လှမ်းဖက်လိုက်တာကြောင့်
အသူရာလည်း သူ့ကို ပြန်ဖက်ရင်း...
"အသူရာလဲ လွမ်းနေတာ...."
သူ အသူရာ့အား မလွှတ်တမ်း ငါးမိနစ်လောက်
ဖတ်ထားပြီးမှ ပြန်လည် ဖယ်ခွာလိုက်ကာ၊
အသူရာ့အား စိုက်ကြည့်နေလေသည်။
သူနဲ့ ချစ်သူဖြစ်တာ ရက်ပိုင်းပဲရှိသေးသော်လည်း၊
ထိုရက်ပိုင်းလေးအတွင်းမှာ၊ဖုန်းနဲ့သာ
ညတိုင်းအဆက်အသွယ်ရပြီး၊
လူချင်းတွေ့ရတာ ဒါ ပထမဆုံး အကြိမ်ပင်။
ကားထဲမှာ ချိန်းတွေ့ရတဲ့ ခံစားချက်လေးက
တစ်မျိုးလေး ခံစားရစေသည်။
အသူရာနဲ့ ခွန်းသော် တို့ စကားတွေ
အများကြီး ပြောဖြစ်ကြသည်။
တစ်ယောက်အကြောင်း
တစ်ယောက် မသိသေးတာတွေကို
သိအောင် ပြောရင်း ပျော်ရွှင်နေမိကြသည်။
"ခွန်းသော်....အသူရာ့ကို သီချင်းဆိုပြပါလား...?"
အသူရာ့ စကားကြောင့် ခွန်းသော်က
စဉ်းစားသွားချိန်..
"ခွန်းသော် ရေးထားတဲ့ သီချင်းတွေထဲက
တစ်ပုဒ်လောက်ဆိုပြ..."
အသူရာ ထပ်တောင်းဆိုမိသော်လည်း၊
သူက ခေါင်းကို ခါလိုက်ကာ.....
"ကို သီချင်းဆိုချင်စိတ်တော့ မရှိဘူး အသူရာ..၊ "
ဟုပြောလိုက်တာကြောင့် အသူရာ အနည်းငယ်
မှိုင်ကျသွား ရသည်။ သီချင်းတစ်ပူဒ်ဆိုပြရတာ
သူ့အတွက် အဲ့လောက်တောင် ခက်ခဲနေသည်လား။
အသူရာ ဆက်တော့ မတောင်းဆိုဖြစ်တော့ပါ။
ဘာပဲဖြစ်ဖြစ်၊ အရေးမကြီးတဲ့ အရာတွေကို
အကျယ်ချဲ့ရင် ရန်ဖြစ်ရုံက လွဲပြီး ဘာရှိဦးမှာလဲ။
ထိုညက မနက် မိုးလင်းခါနီးမှ ခွန်းသော်
အသူရာ့အား အိမ်ပြန် ပို့ပေးခဲ့သည်။
သူနဲ့ တစ်ညလူံး အတူ ရှိနေရတာ အသူရာ့
အတွက်တော့ တစ်သက်မမေ့နိုင်စရာပါပေ။
..................
ချစ်သူဖြစ်ပြီးသွားတဲ့ အချိန်ကစပြီး အရင်ကလို
အာဏာမင်းဆက် ထူးထူးဆီမလာတော့ပါ။
ကားကလဲ ထူးထူးကိုယ်တိုင် အပြင်ကို
မောင်းကျင့်နေပြီ ဆိုတော့ ဆက်မသင်
ပေးတော့သလို ကျောင်းပို့ ကျောင်းကြို
အတွက် တောင်ပေါ်မလာတော့။
ဒါပါနဲ့ဆို လေးရက်မြောက်နေ့.. ၊
လွန်ခဲ့တဲ့ သုံးရက်လုံး ပျောက်ချင်းမလှ
ပျောက်နေလေသည်။
အွန်လိုင်းလဲ တက်မလာတာကြောင့်
ဖုန်းဆက်ကြည့်တော့ ဖုန်းကလဲ
စက်ပိတ်ထားလေသည်။
သူ ထူးထူးကို အဆက်ဖြတ်ဖို့
လုပ်နေပြီလားတောင် ထင်မိသည်။
အရှုံးတွေပဲ ရင်ဆိုင်နေရတော့မိမိဘက်က
အော်ဟစ် ပြောဆိုပြီး ဖြတ်လိုက်ချင်သော်လည်း၊
ဒီလို အခြေအနေလေး တွေ ပျက်ယွင်းသွားမှာ
ကြောက်တဲ့စိတ်နဲ့ ကြိတ်မှိတ်နေနေရသည်မှာ
ခါးသက်လှသည်။
.......
ကျောင်းပိတ်ရက်များတွင် အိမ်မှာ
တစ်ယောက်ထဲနေနေရတဲ့ အချိန်
အထီးကျန်မှုကို ခံစားရသည်။
အန်ကယ် ဦးသန့်ဇင်နဲ့ မေမေနဲ့ကိုလဲ
တွေ့ရခဲလာသည်။ အန်ကယ်က တစ်နေကုန်
အလုပ်မှာ ရှိနေတတ်သလို နားရက်များတွင်လည်း
အလုပ်ခန်းထဲတွင်သာ နေနေတတ်သည်။
မေမေကတော့ အလုပ်ကိစ္စနဲ့ ခရီးသွားလိုက်
ပြန်လာလိုက်နှင့် အိမ်ကပ်တယ်လို့ သိပ်မရှိ..။
ထူးထူး မွေးနေ့ကိုလဲ လုံး၀ သတိမေ့နေခဲ့တာလေ...။
ဒါပေမယ့် အလုပ်ပင်ပန်းတဲ့ မေမေ့မျက်နှာလေး
ချောင်ချသွားတာကြောင့် ထူးထူး ဘာမှမပြောဖြစ်...။
ကိုယ့်အမေနဲ့ ကိုယ် စကားပြောရမှာတောင်
မဝံ့ရဲတော့လောက်အောင် မေမေနဲ့ အနေဝေးပြီး
မေမေ ထူးထူး အပေါ် ဆက်ဆံပုံမှာ
အေးစက်လွန်းသည်။ ဒီလိုနေ့ရက်တွေကို
ဖြတ်သန်းရတာ ထူးထူး အတွက် ခက်ခဲ
ပင်ပန်းလွန်းလှသည်။ ဘယ်သူ့ကိုမှ
အပြစ်မတင်ချင်တော့တာကြောင့်
တစ်ယောက်ထဲ ကြိတ်ကာ ခံစားနေမိသည်။
ပိုပြင်းထန်တဲ့ ခက်ခဲမှုတွေ ရောက်လာမယ်
ဆိုတာကိုတော့ ထူးထူး မတွေးမိခဲ့...။
...............
တစ်ရက် ထူးထူး ကျောင်းက ပြန်အလာ
ဒေါ်ဝင်းက....
"သားရေ.. သားကို သူဌေးက
စကားပြောချင်လို့တဲ့
ကျောင်းက ပြန်လာရင် ပြောဆိုလို့...
အဝတ်အစားလဲပြီး အလုပ်ခန်းထဲ
သွားလိုက်ဦးနော်..."
"အော်.. ဟုတ် ဒေါ်ဝင်း..."
ဦးသန့်ဇင်က ထူးထူးဆန်းဆန်း စကားပြောချင်လို့
ဆိုတော့ ထူးထူး ရေတောင် မချိုးသေးပဲ
အဝတ်အစား အမြန်လဲကာ အောက်က
အလုပ်ခန်းကို ၀င်လိုက်သည်။
တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်ပြီး
အခန်းထဲ ၀င်လိုက်တော့ အခန်းထဲတွင်
စက္ကူနံ့သင်းသင်းလေးကို ရလိုက်သည်။
ဦးသန့် ဇင်ရဲ့ အလုပ်ခန်းကို ထူးထူး တစ်ခါမှ
မရောက်ဖူးခဲ့...
"လာ... သား... ထိုင်..."
ဦးသန့်ဇင် ညွှန်ပြသည့် ဆိုဖာဆက်တီပေါ်တွင်
ထိုင်လိုက်ပြီး အခန်းထဲကို ဝှေ့ကြည့်လိုက်တော့
အခန်းနံရံ အပြည့် ၊ နံရံကပ် စာအုပ်စင်တွင်
စာအုပ်များ အစီအရီ..
"သား ကားမောင်း တတ်နေပြီဆို...?"
"ဟုတ် ... ကျောင်းသွား ကျောင်းပြန်တော့
မောင်း ကြည့်နေပြီ အန်ကယ်..."
အန်ကယ် ဦးသန့်ဇင်က ခေါင်းကို
ညိတ်လိုက်ကာ....
"ဒါဆို လိုင်စင် လုပ်ရမယ်... ၊
နောက်အပတ်ထဲ သွားလုပ်လိုက်တော့...
အန်ကယ် စီစဉ်ပေးမယ်..."
"ဟုတ်.. ကျေးဇူးပါ အန်ကယ်..."
"အင်း..."
သူက ရှေ့တွင် ချထားသော ရေနွေးကြမ်းအိုးကို
မကာ ထူးထူး အတွက် ရေနွေးထည့်ပေးနေသည်။
သူ အဓိက ပြောချင်တာ ကားလိုင်စင်
ကိစ္စတော့ မဖြစ်နိုင်... တစ်ခုခု ကျန်နေဦးမည်..။
"သားကို အန်ကယ် တစ်ခု တောင်းဆိုချင်တယ်..."
အန်ကယ် ဦးသန့်ဇင်ကို ကြည့်တော့
တည်ငြိမ်နေသည်။
ဘာများ တောင်းဆိုမလို့ပါလဲ...
"ဟုတ် ပြောပါ အန်ကယ်..."
"သားရဲ့ဝါသနာက ပန်းချီပညာဆိုပေမယ့်.. ၊
အခုကျောင်းတက်နေရင်းနဲ့ပဲ
အန်ကယ့်အလုပ်ကို သား အမေနဲ့ တွဲပြီး
လေ့လာ စေချင်တယ်..."
ထူးထူး ကိုယ့်နားကိုတောင် မယုံနိုင်..၊
အံသြမှုနဲ့ အတူ မင်တက်နေမိချိန်..
"သားသိတဲ့ အတိုင်းပဲ .. ခွန်းသော်က ဂီတကို
ရူးသွပ်တဲ့လူတစ်ယောက်ဖြစ်သလို
ကျန်းမာရေးလဲ သိပ်ကောင်းတာ
မဟုတ်ဘူးလေ..."
အန်ကယ်ဦးသန့်ဇင်ရဲ့ စကားက
ခွန်းသော်အတွက် ရက်စက်ရာ ကျသည်ဟု
ထူးထူး မြင်မိသည်။
"သူ လုပ်နိုင်မယ်လို့ အန်ကယ် မထင်ဘူး..."
ရင်ထဲတွင် စို့သွားရသည်။ ကိုခွန်းသော် အတွက်
စိတ်မကောင်း..၊ ဒါကြောင့်လဲ ငါ့ကို မုန်းနေတာ
မထူးဆန်းတော့ပါဘူးလေ...
"ကျွန်တော် မလုပ်ပါရစေနဲ့ အန်ကယ်..."
ထူးထူးရဲ့ အငြင်းစကားကြောင့် ဦးသန့်ဇင်က
အလိုမကျသည့် ပုံစံ ဖြစ်သွားကာ.....
"ဘာကြောင့်လဲ ?.. အန်ကယ်ကတော့
မင်းလုပ်နိုင်မယ်လို့ ယုံကြည်တယ်... "
"ကျွန်တော် လုပ်နိုင်မယ်လို့တောင် ယုံကြည်ပြီး
ကိုခွန်းသော် လုပ်နိုင်မယ်လို့ ဘာလို့
မယုံကြည့်ပေးနိုင်ရတာလဲ ...၊
ကိုခွန်းသော်က အန်ကယ့်ရဲ့ သားလေ..."
အန်ကယ် ဦးသန့်ဇင်က စိတ်ရှုပ်နေဟန်နှင့်
ရေနွေးကြမ်းကို ထပ်ငှဲ့ကာ သက်ပြင်းရှည်ကြီး
တစ်ချက် ချလိုက်သည်။
ပြီးနောက် ထူးထူးကို ကြည့်လာကာ...
"ခွန်းသော်က အန်ကယ့် သားအရင်း မဟုတ်ဘူး
ထူးထူး..."
..................