ညစာစားတော့ ထမင်းဝိုင်းတွင် နှစ်ယောက်စာ
ပြင်ထားသဖြင့် ထူးထူး အံ့သြသွားသည်။
မေမေတို့ လဲ မရှိပဲ.. ဘာလို့နှစ်ယောက်စာ
ဖြစ်နေတာလဲ..။အာဏာတို့လဲ ပြန်သွားတာ
တွေ့လိုက်ပါတယ်။
"ထိုင်လေ.. ထူး...."
ထမင်းစားပွဲဝိုင်းဘေးတွင် ကြောင်တောင်လေး
ရပ်နေသော ထူးကို အနောက်မှ ပြောလိုက်သော
ချိုသာလှသည့် အသံ တစ်ခုကြောင့်
လှည့်ကြည့်မိတော့ စိုင်းမင်းခွန်းသော်ဖြစ်နေသည်။
ထူးထူး လန့်သွားသည်။ သူက ထိုင်လေ တဲ့ .. ၊
ဒီစကားကို ချိုချိုသာသာ ပြောလိုက်တာ
သူမှ ဟုတ်ရဲ့လား။ တစ်ခါမှ မမြင်ဖူးတဲ့
အပြုံးတွေကိုပါ တွဲဖက် မြင်နေရတာ...
"ဟုတ်....."
ခွန်းသော် ထိုင်ခုံတွင် ၀င်ထိုင်တော့ ထူးထူးလည်း
မရဲတရဲ ဝင်လိုက်ထိုင်လိုက်ရင်း သူ့မျက်နှာအား
အကဲခတ်မိတော့ ပြုံး၍သာ နေသည်။
သူက ထူးနဲ့ ထမင်း တူတူ လာစားတာလား.။
ဘယ်လိုဖြစ်လို့ နေ့ချင်းညချင်း
ပြောင်းလဲ သွားတာလဲ...၊
အာဏာများ ပြောပေးထားလို့လား...?။
"ထူးထူး ဒီအိမ်မှာ နေရတာ အဆင်ပြေရဲ့လား..?.."
သူ့လေသံ ၊ သူ၏ မျက်နှာထားမှာ
အရင်တုန်းက မြင်ခဲ့ရဖူးသည့် ခွန်းသော်နှင့်
ဆန့်ကျင်ဘက် အသွင်ကို ဆောင်နေလေသည်။
"ဟုတ် ပြေပါတယ်... ကိုခွန်း...."
"အင်း... အကိုလဲ နေမကောင်းဖြစ်နေတာနဲ့
ထူးထူး ကို သေချာတောင် မနှုတ်ဆက်ဖြစ်ဘူး...၊
ပြီးတော့ ပွဲတုန်းက ကိစ္စ အတွက်လဲ
တောင်းပန်ပါတယ်.. ၊
အဲ့တုန်းက စိတ်မကြည်ဖြစ်နေလို့ပါ...."
"ဟုတ်..."
ရုတ်တရက် ဖြစ်တည်လာသော
အခြေအနေကို ထူးထူး လုံးဝ နားမလည်နိုင်သေး။
စကားစ ပြတ်သွားတဲ့ အချိန်လေးမှာ
ထူးထူး တို့နှစ်ယောက် စားနေသော
ဇွန်းခရင်းသံသာ ကျန်ခဲ့သည်။
ထူးထူး ရင်တွေ တုန်နေသည်။
သူ ကောင်းကောင်း ဆက်ဆံလာပြီ
ဖြစ်သော်လည်း... ၊ သူ့ကို တွေ့ရင် အလိုလို
ကြောက်နေတဲ့ စိတ်က ပြင်မရ...။
"မနက်ဖြန်ကျရင်...
အကိုတို့ သူငယ်ချင်းတွေ စစ်ကိုင်းဘက်
သွားမလို့... လိုက်ခဲ့နော်...."
အရမ်းချိုတဲ့ စကားတွေ သုံးပြီး ပြောနေသော
ခွန်းသော်ကြောင့် ထူးထူး ငြင်းရခက်နေသည်။
သို့သော် သူတို့ သုံးယောက်နဲ့ ခရီး
တူတူသွားရရင် ဟိုလူ့မျက်နှာ ကြည့်လိုက်
ဒီလူ့ကို ကြည့်လိုက်နှင့်
နှလုံး ရပ်ပြီး သေသွားနိုင်သည်။
"ဟို... ထူးထူး မလိုက်တော့ပါဘူး...၊
ကျောင်း... ကျောင်းလဲ ရှိသေးတာဆိုတော့လေ..၊
ကိုခွန်းတို့ သူငယ်ချင်းတွေပဲ သွားကြပါ...."
"ကျောင်းက ခွင့်တိုင်လို့ရပါတယ်...၊
မော်တို့တောင် ခွင့်တိုင်ပြီး လိုက်မှာ...၊
သုံးလေးရက်လောက်ပါပဲ ... လိုက်ခဲ့နော်..."
ထူးထူး၏ လက်တစ်ဖက်ကို သူ့လက်တစ်ဖက်က
အုပ်မိုးကာ လာကိုင်လိုက်ချိန်တွင်၊
ထူးထူး အသက်တောင် ဆက်၍
မရှူနိုင်တော့သည် အထိ တုန်လှုပ်သွားရသည်။
ထူးထူး ဘာဆက် ပြောရမှန်းတောင် မသိတော့။
ဆက်ငြင်းနေလျှင် သူ စိတ်ဆိုးသွားနိုင်သည်။
ရခဲတဲ့ စိတ်ကြည်တဲ့ အချိန်လေးတွင်
ထူးထူးကလဲ အလိုက်အထိုက်နေလိုက်တာ
ကောင်းမည်။
"ဟုတ်... ဟုတ်... လိုက်ခဲ့ပါမယ်..."
ခွန်းသော်က ပြုံးသွားပြီး
"အင်း လိမ်မာတယ်... သုံးညအိပ် လေးရက်ပဲ...၊
အဝတ်တွေ ထည့်ထားနော်.. ၊
မနက်ဖြန် ည ၉နာရီ လောက်ထွက်မယ်...."
ထူးထူး ခေါင်းညိတ်လိုက်သည်။
သူက ထူးထူး၏ ခေါင်းကို လာပုတ်ကာ....
"အကိုတို့က ခုချိန်မှာ ညီအစ်ကို
တွေဖြစ်နေပြီဆိုတော့ လွတ်လွတ်လပ်လပ်
ပေါ့ပေါ့ပါးပါးပဲ ဆက်ဆံနော်... ဟုတ်ပြီလား...?"
"ဟုတ်..."
သူဘာလို့ ထူးထူး အပေါ် ချက်ချင်း
ကောင်းသွားရတာလဲ။
စားသောက်ပြီး ခွန်းသော် ထွက်သွားတော့
ထူးထူးလဲ အခန်းထဲ ပြန်ဝင်ခဲ့သည်။
ဒီ သုံးညအိပ် လေးရက်ကို ဘယ်လို ပုံစံမျိုးနဲ့
ဖြတ်သန်းရမှာလဲ။ အိမ်ကြီးရှင်ရဲ့သားရယ်၊
crush ခဲ့ရတဲ့လူရယ် ၊ မကြာသေးခင်ကမှ
ငြင်းထားတဲ့သူရယ်...။
သုံးယောက်လုံးက နည်းမျိုးစုံနှင့်
ရန်တုန်စေတဲ့ လူတွေ။
တစ်ယောက်ထဲ လိုက်သွားရန် ဘယ်လိုမှ
မဖြစ်နိုင်တာကြောင့်အသူရာ့ကိုပါ
ခေါ်ခဲ့ခွင့်ပြုဖို့ တောင်းဆိုရန် အရဲစွန့်ကာ၊
ခွန်းသော် ၏ အခန်းတံခါးကို ခေါက်လိုက်သည်။
အခန်းတံခါးပွင့်လာချိန်တွင်၊
ထူးထူး ခြေလှမ်း နှစ်လှမ်းလောက်
နောက်ဆုတ်မိလျှက်သား၊
သူ့ကို ကြောက်တဲ့စိတ်က ဘယ်လိုမှ တားဆီးမရ....
"ထူးထူး..? ဘာပြောမလို့လဲ...?"
ခုချိန်ထိ ချိုသာနေဆဲဖြစ်သော
စိုင်းမင်းခွန်းသော် ၏ အသံကြောင့်
"ကိုခွန်း... ကျွန်တော့်သူငယ်ချင်း အသူရာ့ကိုပါ
ခေါ်ခဲ့လို့ ရမလားဟင်...?"
ဟုတောင်းဆိုမိတော့ သူက တစ်ချက်
စဉ်းစားနေပြီးမှ ခေါင်းကို ညိတ်လိုက်ကာ....
"အင်း ရတယ်လေ... ခေါ်ခဲ့...."
ဟု ပြုံးကာ ပြောလေသည်။
ထို့ကြောင့် ထူးထူးလဲ ပျော်သွားကာ
"ကျေးဇူးပါပဲ..."
"အော် ဒါနဲ့...၊ သူ့ကိုလဲ ပွဲညက
ကိစ္စအတွက် တောင်းပန်တယ် လို့ ပြောပေးနော်..."
"ဟုတ်...."
ခွန်းသော်နဲ့ စကားပြောပြီး..
ထူးထူး အခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်။
အသူရာ တစ်ယောက် ဘယ်လောက်တောင်
ပျော်နေလိုက်မည်လည်း။
အခန်းထဲ ရောက်မှ အသူရာ့အား
ဖုန်းဆက်လိုက်ပြီး....အကြောင်းစုံ ပြောပြသော
အခါတွင်တော့...သေချာပေါက် ထခုန်နေမလား
အောင့်မေ့ရအောင်ကို ပျော်နေလေသည်။
စိုင်းမင်းခွန်းသော်က တောင်းပန်သည့်
အကြောင်းပြောတော့လည်း..၊
"တကယ်ကြီး တောင်းပန်တာလား..?"
"အင်း တကယ်ကြီး...."
ဟုပြောတော့ အသူ့ရာဘက်က ရယ်သံထွက်လာကာ..
"တော်သေးတာပေါ့ သူ အမြင်မှန်ရသွားလို့..."
ဟု ဆိုလေသည်။ သူမပြောနဲ့ ထူးထူးလဲ
ဝမ်းသာမိပါသည်။ သူ အထင်လွဲနေတာမျိုးကို
မဖြစ်စေချင်တော့ဘူးလေ...။
"မနက်ဖြန် မနက်ပိုင်း အဝတ်စားသစ်တွေ
သွားဝယ်ရမယ် ဟိဟိ....၊ နင်လိုက်ဦးမလား...?"
အသူရာ့စကားကြောင့် ထူးထူးပြုံးမိကာ..
"မလိုက်တော့ပါဘူးဟာ...၊ "
"အော် ငါမေ့နေတာနင့်မှာ အဝတ်အစားသစ်တွေ
အများကြီး ရှိတာပဲ...၊ ထူးထူးသော်...
အဲ့တာတွေ ထုတ်ဝတ်ဦးနော်
မာနတွေ ဇွတ်ကြီးမနေနဲ့...."
"အေးပါ......"
"အိုကေ အိုကေ ...အာ့ဆို မနက်ည ၉နာရီ
အရောက်နော်...၊ ငါလာခဲ့မယ် နင့်အိမ်ကို..."
"အေးအေး.. ကျေးဇူးပါပဲဟာ...."
"အမလေး ငါက နင့်ကို ကျေးဇူးတင်ရမှာပါ...."
အသူရာ့လို အမြဲ ပေါ့ပါးသွက်လက်နေသည့်
စိတ်မျိုး ပိုင်ဆိုင်ချင်မိသည်။
အသူရာနဲ့ ဖုန်းပြောပြီးတော့ ၀ရန်တာကို
ထွက်လာရင်း... ဖုန်း contact ထဲက မေမေရဲ့
အဝင်ကောလေးများ ရှိနေမလား အထပ်ထပ်
စစ်ဆေးနေမိသည်။ ခရီး ထွက်သွားသော
မေမေ့ဆီမှ စာမလာ သတင်းမကြား..၊
ပျောက်ချက်သားကောင်းနေသည်။
ဦးသန့်ဇင်နဲ့ လက်ထပ်ပြီးထဲက
ထူးထူးကိုပစ်ထားခဲ့တာ ...
တွေ့တဲ့ အချိန်တွင်လည်း ပိုက်ဆံတွေသာ
လာလာ ပေးနေသည်။
မေမေရော ၊ဦးသန့်ဇင်ရော ပေးထားတဲ့ ပိုက်ဆံ
ဆယ့်ငါးသိန်းကို ထူးထူး မထိရသေး...၊
အရင် အလုပ်လုပ်တုန်းကရယ် ၊
မေမေ ပေးခဲ့ဖူးတဲ့ မုန့်ဖိုးလေးတွေရယ်
စုထားတာလေးတွေကိုသာ သုံးဖြစ်နေသည်။
ခု ခရီးထွက်ရမည်ဆိုတော့ မယူသွားလို့က မရတော့..၊ အခန်းထဲပြန်ဝင်ပြီး ဗီရို ထဲ ထည့်ထားသည့်
ပိုက်ဆံတွေထဲက တစ်သိန်းယူလိုက်သည်။
ခွန်းသော်ကော ဒီလိုပဲ ခံစားနေရသည်လား။
ဦးသန့်ဇင်ကို ကြည့်ရတာ ခွန်းသော်အပေါ်
သိပ်နွေးထွေးပုံမရ... သူ့ကို ပြည့်စုံအောင်
ထားထားတာပဲ ရှိပြီး မေတ္တာတရားလဲ
အပြည့်အ၀ ပေးထားပုံ မရ။
အရင်ထဲက မပေးတာလား ခု ထူးထူးတို့
အိမ်ရောက်လာပြီးမှ ပြောင်းလဲသွားတာလားတော့
ထူးထူးလည်း မသိ။ သေချာတာတော့
မေမေ့ကို အရမ်းအရေးပေးပြီး ထူးထူး
အပေါ်ကို ခွန်းသော်ထက် ပိုပိုသာသာ
ဆက်ဆံတာကိုတော့ ခံစားမိသည်။
မေမေ တစ်ပတ်လောက်လေး ပစ်ထားတော့
ထူးထူး တောင် ဒီလောက် အထီးကျန်ခံစားရရင်
ခွန်းသော်ကော ဘယ်လောက်ထိ ခံစားနေရမည်လဲ။
......................
ခရီးထွက်ရမည့် ညတွင် သွားရမည့်
အချိန်ထက် စောကာ ထူးထူး ရေမိုးချိုးဖြစ်သည်။
ကိုယ်က စောစော ပြီးနေမှ ကောင်းမှာ
မဟုတ်ပါလား။ ဒီ ခရီးစဉ်က စိတ်လှုပ်ရှားမှု
အပြည့်နဲ့ ခံစားမှု ပေါင်းစုံ ...။
တော်သေးတယ် ၊ အသူရာ့ကို ခေါ်ခွင့်ရ၍သာ။
မဟုတ်ရင် လမ်းတစ်ဝက်မှာပင် သေသွားမလားပဲ..။
ရေချိုးခန်းထဲက ထွက်လာတော့ ဘယ်တုန်းက
ရောက်နေမှန်း မသိတဲ့ အာဏာမင်းဆက်က
ဆိုဖာပေါ်တွင်မှီကာ ခြေထောက် နှစ်ချောင်း
ချိတ်ထိုင်နေတာ ကို တွေ့လိုက်ရသည်။
ထူးထူး တစ်ယောက် ခါးတွင် တပါတ်လေးသာ
ပတ်ထားသဖြင့် အကျီကို အမြန်ပြေးယူရသည်။
"အာဏာ... ဘယ်လို ၀င်လာတာလဲ....?"
"တံခါးမှ လော့ မချထားတာ...."
"အစောကြီး ရောက်နေတာလား...?."
"အင်း ဟုတ်တယ်... သိပ်တော့ မစောတော့ပါဘူး...."
အာဏာက ဆေးလိပ်ဗူးထဲမှ ဆေးလိပ် တစ်လိပ်ကို ထုတ်လိုက်ကာ ... သတိရသွားဟန်နှင့် ထူးထူးအား
မော့ကြည့်ပြီး...
"လဲ လဲ... ကို အပြင်မှာ သောက်လိုက်မယ်...."
ဟုပြောကာ ၀ရန်တာသို့ ထွက်သွားသည်။
သူ့ကို ကြည့်လျှင် အမြဲ ဆေးလိပ်နဲ့
ပါးစပ်နဲ့ မပြတ်။ တော်တော်လဲ သောက်နိုင်သည်။
ဒါပေမယ့် ဒီလောက် ဆေးလိပ်သောက်တဲ့လူရဲ့
နှုတ်ခမ်းလေးက ဘယ်လိုတောင် အနီရောင်
သမ်းနေတယ် မသိ။ အပြင်သို့ ထွက်သွားသော
သူ့ကျောပြင်ကို ကြည့်မိတော့ အပြင်တွင်
တွန်းထားသော မီးအလင်းရောင်များကြောင့်
လားတော့မသိ၊သူ၏ အသားအရေမှာ
တောက်ပနေသယောင်၊
ကိုယ့်ကိုကိုယ့် မှန်ထဲ ပြန်ကြည့်မိတော့
ညိုတိုတို ပိန်သေးသေးလေး ၊ မျက်နှာမှာလည်း
လှတဲ့ နေရာ တစ်ခုမှ မရှိ၊ ဖောင်းဖောင်းလုံးလုံး ၊
နှုတ်ခမ်းက ညိုပီး ထူကလည်းထူသေးသည် ..။
မျက်လုံးက ပြူးပြူး ၊ နှာခေါင်းကလည်း လုံးလုံးနဲ့...
ကြည့်ကောင်းတယ်ဆိုရုံလေးရှိတာဆိုလို့
သေးသေးသွယ်သွယ် လက်ချောင်းလေးတွေသာ...၊
ဒါတောင် အဆစ်လေးတွေက အညိုရောင်
သမ်းနေသေးသည်။
ထူးထူး အဝတ်အစားတွေ အကုန်ဝတ်ပြီးတော့
အာဏာရှိရာ ၀ရန်တာကို ထွက်ခဲ့လိုက်သည်။
"အာဏာ ဆေးလိပ် အရမ်းသောက်တယ်နော်....?"
ဟူ၍ ပြောလိုက်တော့ သူက
ထူးထူး ကို လှည့်ကြည်ကာ....
"အင်း .... ဘာလို့လဲ...?
ထူးက မကြိုက်ဘူးလား....?"
"မကြိုက်တာတော့ မဟုတ်ပါဘူး..၊
ဆေးလိပ်သောက်တာတော့ မကောင်းဘူးပေါ့...၊
ငယ်သေးတယ်လေ... ထူးထူးထက်
တစ််နှစ်ပဲ ကြီးတာမလား..
အလွန်ဆုံးရှိ ၁၈ ၁၉ ပေါ့...."
"ထူး က ကို့ကို စိတ်ပူနေတာလား....?"
အာဏာက ထူးထူးနားကို ထိကပ်ကာ
တိုးတိုးလေး လာမေးသဖြင့် ထူး လန့်ကာ
ဝေးဝေးကို ရွှေ့လိုက်ပြီး...
"စိတ်ပူတာထက်.. မကောင်းဘူးဆိုတာကို
ပြောပြတာပါ... သူငယ်ချင်းအချင်းချင်း
ဆိုတော့လေ...."
အာဏာ မျက်နှာက အနည်းငယ် တည်သွားတာ....
"အင်းပါ... ကို လျှော့သောက်ပါမယ်...."
သူ ထူးထူးကို မျက်နှာလွှဲကာ အဝေးတစ်နေရာကို
စိုက်ကြည့်နေသည်။ ဘေးတိုက်အနေနဲ့
မြင်နေရသော ကြောင့် ချွန်ထက်နေတဲ့
နှာတံလေးက အထင်းသား။ နားရွက်ဘေးတွင်
ကျနေတတ်သော ဆံပင် အညိုရောင်လေးများက
ယခု အခါ အနည်းငယ် တိုတက်နေသယောင်။
သူ ဆံပင် ညှပ်ထားတာပဲ....။
သူ့ကို အမြဲမြင်နေကြမို့လို့လား မသိ၊
သူရဲ့ ပြောင်းလဲမှုတွေကို အလိုလို သိနေသည်။
...........
တက်စီပေါ်မှ ခရီးဆောင်အိတ်ကြီးကို
မနိုင်မနင်းချလိုက်ရင်း၊ ထူးထူး၏ ခြံဝတွင်
အသူရာ ရပ်နေမိသည်။
ထူးထူးကို ဖုန်းခေါ်တာ ခုချိန်ထိ မကိုင်သေး။
သူတို့လို ချမ်းသာတဲ့ လူတွေနဲ့ ခရီးထွက်ရတာ
တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ တစ်ခုပင်၊
အရင်က အပေါက်ဆိုးတဲ့ စိုင်းမင်းခွန်းသော်ပါ
ပြောင်းလဲ သွားသည်ဆိုတော့ ထူးထူးအတွက်
ပို၍ စိတ်ချမ်းသာရသည်။
အသူရာလည်း မိသားစုက ချမ်းသာတဲ့အထဲက
မဟုတ်ပေမယ့် အိမ်မှာတော့ တစ်သက်လူံး
ဖူးဖူးမှုတ် အချစ်ခံထားရတာ၊
အဲ့ဒီ စိုင်းမင်းခွန်းသော် ဆိုသည့် လူဆီက
မိမိအား ပစ်ပစ်နှစ်နှစ် အပြောခံရတာ ပထမဆုံးပင်။
ဒါပေမယ့် တောင်းပန်တယ်ဆိုတော့လည်း
ကျေအေးပေးရမှာပေါ့လေ။
"တီ...တီ..."
အနောက်က ကားဟွန်းသံ တစ်ခုကြောင့်
လူက လန့်ဖြန့်ကာ တုန်တက်သွားရသည်။
ကားကို လှည့်ကြည့်တော့ ဘယ်သူ ဘယ်ဝါ
မောင်းသည်ကို မမြင်ရသော်လည်း၊
alphard အဖြူရောင်လေး....၊
အသူရာက ခြံပေါက်ဝတွင် ပိတ်ရပ်နေသူမို့ ၊
ဖယ်ပေးလိုက်တော့ ထိုကားလေးက
အိမ်ထဲသို့ ဝင်သွားလေသည်။
ခြံတံခါးလဲ ပွင့်သွားပြီဖြစ်တာကြောင့်
အသူရာလည်း ခရီးဆောင်အိတ်ကို ဆွဲကာ
ခြံထဲသို့ ဝင်ခဲ့လိုက်သည်။
ခုနက ကားပေါ်မှ ဆင်းလာသူက
မော်လမင်းဟန်ဖြစ်နေပြီး၊ အိမ်ရှေ့ရှိ
ဒန်းတစ်ခုပေါ်တွင် စိုင်းမင်းခွန်းသော်
ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဘယ်လိုပဲ ပြေလည်သွားသည်ဆိုဦးတော့၊
သူတို့ကြီးပဲ ရှိနေတာကြောင့်
ဆက်သွားချင်စိတ်မရှိသဖြင့် ...
အသူရာ ခြေလမ်းတို့ကို ရပ်တန့်လိုက်ကာ
ထူးထူး ၏ ဖုန်းကို ထပ်မံ ခေါ်ရန်
ကြိုးစားလိုက်လေသည်။
ဒီကလေးကတော့ ဖုန်းလဲ မကိုင်၊
ငါ့ကို တစ်ယောက်ထဲ ပစ်ထားတယ်...
"ထလေ....ကားပေါ် ပစ္စည်းတွေ တင်ထားတော့..."
ဒန်းပေါ်တွင် အကျအနထိုင်နေသော ခွန်းသော်အား မော်က ပြောလိုက်တော့....
"အေးပါ.... မင်းက အာဏာ့ကို သွားခေါ် ၊
သူ အပေါ်မှာ ထူးထူးသော် အခန်းထဲမှာ
ထင်တယ်.....သွား...၊
ငါ အောက်က စောင့်နေမယ်...."
ဟုပြောတော့ မော်က ခွန်းသော်၏
ခြေထောက်အား ခြေတစ်ဖက်ဖြင့်
ခပ်ဖွဖွကန်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။
မော်အိမ်ထဲသို့ ဝင်သွားချိန်တွင် ခွန်းသော်က
နေရာမှ ထကာ...
"ဦးမောင်.. ၊ ကျွန်တော်တို့ကို ကားပေါ်
အထုတ်တွေ လာတင်ပေးပါဦး..."
ကားပေါ်အထုတ်တင်တာတောင် ကိုယ့်ဘာသာ
မတင်တတ် ဘူးလားမသိ။ ဦးမောင်က အိမ်ထဲမှ
ထွက်လာကာ နှမ်းတစ်စိစာလောက်ရှိသော
ခွန်းသော် ၏ အိတ်ကို တင်နေစဥိ၊
"အသူရာ...? သားရောက်နေပြီလား...?
အပေါ်မှာ ထူးထူး ရှိတယ်...
သွားလိုက်လေ သား..."
ဟူ၍ ပြောကာ တစ်ဦးထဲသော အဖတ်လုပ်သူက
ဦးမောင်တစ်ယောက်သာ။
"ဟုတ် ဦးမောင်..."
ဟုပြောရင်း အသူရာ အိမ်ထဲသို့ ဝင်မည်လုပ်တော့... အပေါက်တွင် ရပ်နေသော ခွန်းသော်က ..
"မတက်နဲ့တော့ သူဆင်းလာလိမ့်မယ်....ဦးမောင်၊သူ့အိတ်ကိုပါ တင်ပေးလိုက်...."
"ဟုတ်ကဲ့ ...."
ဦးမောင်က အသူရာ့အိတ်အား လာယူစဉ်တွင်
အသူရာ ၊ စိုင်းမင်းခွန်းသော်အား...
အကဲခတ်ကြည့်မိသည်။
အရင်လို မျက်နှာ ရှစ်ခေါက်ကျိုး
မဟုတ်တော့တာတော့ အမှန်ပင်။
သူက မတက်နဲ့တော့ ဆိုတော့ နေရာမှ
မိုးတိုးမတ်တပ်ဖြစ်နေရင်း
ဘာဆက်လုပ်ရမည်မသိချိန်..၊
"လာ... ထိုင်..."
ဒန်းပေါ်တွင် သူနှင့် အတူ ဝင်ထိုင်ရန် ပြောသဖြင့်
အသူရာလဲ ဆွေ့ခနဲ ထိုင်လိုက်သည်။
ဘယ်ဆိုးလို့လဲ၊ တကယ်ကို
အမြင်မှန်ရသွားပြီပဲ။ ကြည့်ရတာ အသူရာ့ကို
ကိုယ်တိုင် တောင်းပန်ချင်နေပုံရသည်။
"အကို တောင်းပန်ပါတယ်..."
ထင်သည့်အတိုင်းပင်...၊
တောင်းပန်စကား ဆိုလာတာကြောင့်
အသူရာ ပြုံးလိုက်ကာ...
"ထူးထူးဆီက ကြားပြီးပြီ၊ ရပါတယ်၊
ထူးထူးကို အထင်မလွဲတော့ရင်ရပြီ..."
"အင်း..."
ခွန်းသော်က ပြုံးလိုက်တယ်၊
သူပြုံးတာကို အသူရာ တစ်ခါမှ မမြင်ဖူးခဲ့၊
တကယ်တော့ သူ့မျက်နှာက အေးချမ်းတဲ့
အသွင်ဆောင်တဲ့ မျက်နှာလေးပါ။
စတွေ့တုန်းက ဒေါသတွေနဲ့ ပူလောင်ခဲ့လို့သာ။
ခုလို အေးအေးချမ်းချမ်းလေး ဆိုတော့
တကယ်ကို ရင်အေးစေတဲ့ မျက်နှာလေး။
..............