"ထူးထူးရေ...ငါ့အင်္ကျီတွေ ပေကုန်ပြီ....."
ဟူ၍ ရှုံ့မဲ့မဲ့နှင့် ပြောနေသော အသူရာကြောင့်
အသိပြန်ဝင်လာပြီး...
သူအင်္ကျီကို ကြည့်ပေးလိုက်တော့...
"အနက်ရောင်ဆိုတော့ မသိသာပါဘူး..."
"မသိသာပေမယ့် အနံ့က ရနေမှာဟ....၊
စိတ်ညစ်ပါတယ် လောလောဆယ်တော့
ပွဲထဲ ပြန်မဝင်ချင်သေးဘူးဟာ...."
"အေးပါ ခြောက်မှ ၀င်မယ်လေ...."
ထူးထူးနဲ့ အသူရာတို့ နှစ်ယောက်
toilet ထဲမှ ထွက်လာခဲ့ပြီး
ထို toilet နားမှာပဲ ရပ်နေမိကြသည်။
"ငါ တောင်းပန်ပါတယ်....?"
ဟူ၍ အသူရာက ထပြောလိုက်တာကြောင့်...
"ဘာကိုလဲ....?"
"ငါ မူးအောင် မသောက်လိုက်သင့်ဘူး...."
ဟူ၍ မျက်နှာငယ်လေးနှင့်ပြောတော့
ထူးထူး ခေါင်းကို ခါလိုက် ကာ...
"အသူရာ ရယ် ခုလဲ ဘာဖြစ်လို့လဲ
ဘာမှ မဖြစ်တဲ့ ဟာကို...
နင်က ဘာတွေ တောင်းပန်နေတာလဲ....?"
"အင်းပါ.... "
"ဟာ.. အမှောင်ထဲမှာ
ဘာရပ်လုပ်နေကြတာလဲ...?"
အာဏာမင်းဆက်က ဘယ်က ဘယ်လို
ရောက်လာတယ် မသိ။ လက်ထဲတွင်
ညှပ်ထားသော ဆေးလိပ်ကို မီးညှိမလို့
လုပ်ပြီးမှ မညှိတော့ပဲ ပြန်လည်
သိမ်းဆည်းလိုက်လေသည်။
အသူရာက ....
"အသူရာ မူးပြီး အန်လို့လေ၊
အဲ့တာ ရေတွေစိုသွားလို့၊ "
ဟူ၍ ငိုမဲ့မဲ့ပြောတော့
အာဏာမင်းဆက်က ရယ်ကာ ..
"ဟဟ... ဘယ်လောက်တောင်
သောက်လိုက်လဲ အသူရာ.."
ထိုစဉ် ပွဲထဲမှ ဦးသန့်ဇင်ဆိုနေသော
သီချင်းသံလေးရပ်တန့်သွားသည်ကို
သတိထားမိလိုက်သည်။
"အာဏာ... ? ကိုစိုင်းမင်းခွန်းသော်က
ထူးထူးကို မုန်းနေတာလားဟင်....?"
သူတို့နှစ်ယောက် ခင်သည်ဆိုတော့
ထူးထူးအပေါ် ကိုစိုင်းမင်းခွန်းသော် ထားသည့်
သဘောထားကို သေချာပေါက် သိပေလိမ့်မည်။
"မုန်းနေတာတော့ မဟုတ်ပါဘူး..."
ဟူ၍ မတင်မကျသာ ဖြေပြီး သူ့ဆီက
စကားတို့ ထပ်ထွက်မလာတော့တာကြောင့်
အသူရာက...
"မုန်းနေတာ မဟုတ်ဘူးဆိုရင်၊
နဂိုထဲက စိတ်ပုတ်တာပေါ့...၊
ရုပ်နဲ့မှ မလိုက်၊ တကယ် မထင်ရဘူး..."
ဟူ၍ ရေရွတ်လိုက်တော့ အာဏာက ရယ်လိုက်ကာ..
"ခွန်းသော်က စိတ်ပုတ်တယ်..?၊
ဘာဖြစ်လို့လဲ အသူရာ..၊
ကိုတို့ သူငယ်ချင်းတွေထဲမှာ သူက
စိတ်ထား အကောင်းဆုံးပဲ.."
ဟု အာဏာကပြောတော့ အသူရာက
မျက်မှောင်ကိုကြုတ်လိုက်ကာ
အာဏာမင်းဆက်အား မော့ကြည့်ပြီး
"ဘုရား... ဘုရား...သူက စိတ်ထား
အကောင်းဆုံး...? ဒါဆို ခုနက..."
အသူရာပြောမည့် စကားကို ဆက်မပြောရန်
ထူးထူး သူ့လက်ကို ကိုင်ကာ တားမြစ်လိုက်ပြီး...
အာဏာ့ထံသို့ စကားဆက်လိုက်သည်။
"ဒါဆို မော်လမင်းဟန်ကရော....?."
ဟုမေးလိုက်တော့.. အာဏာက ...
"မော်က ဘာဖြစ်လို့လဲ...."
"သူက ဟိုနေ့က ဦးသန့်ဇင်
မိတ်ဆက်ပေးလိုက်ရဲ့သားနဲ့
ထူးထူးကို မသိချင်ယောင်ဆောင်နေလို့ပါ...၊
သူလဲ ထူးကို မကြည်ဘူး ထင်တယ်...."
မော် အကြောင်းကို ဦးတည်လာသော
ထူးထူးကို အာဏာ တစ်ချက်ကြည့်မိသည်။
မော်... မင်းက ဘာပညာတွေ
ထုတ်သုံးနေတာလဲ....?။
"အဲ့တာတော့ ကိုယ်လည်းမသိဘူး...."
ဖြေချင်စိတ်မရှိလို့ အလွယ်သာ ပြောလိုက်သည်။
ထူးထူး ရင်ထဲက မော့်ကို ဘယ်လို ဆွဲထုတ်ရမှာလဲ..၊
မော်က ခုလို တမင်တွေ လိုက်လုပ်နေတော့
ထူးထူး ရင်ထဲ ပိုစွဲသွားနိုင်သည်လေ။
"ထူးက မေမေ စိတ်ချမ်းသာဖို့ပဲ ရည်ရွယ်တာပါ...၊
သူတို့ပိုင်ဆိုင်မှုတွေလဲ မမက်မောပါဘူး...
သူတို့ အထင်လွဲနေတယ် ထင်တယ်...."
ဟူ၍ မျက်နှာငယ်လေးနှင့် ပြောချိန်၊
အာဏာ ဘာမှ ပြန်မဖြေဖြစ်။
ထူးထူး ဘယ်လိုပဲ အဲ့လို ပြောနေဦးတော့
သူတို့ သားအမိကို အကောင်းပြောသည့်
လူက ပွဲထဲတွင် မရှိသလောက် ရှားနေသည်။
အကုန်လုံးက ငွေမက်လို့ ယူလိုက်သည်ဟုသာ
သမုတ်နေကြသည်လေ။
အာဏာ စကား လမ်းကြောင်း လွှဲသည့် အနေနှင့်...
"ခွန်းသော် က နေမကောင်းဘူး ထူး..."
အာဏာမင်းဆက်စကားကြောင့်
ထူးထူး သူ့ကိုကြည့်မိတော့ ၊ သူက ဆက်၍ ...
"သူက မွေးရာပါ သွေးအားနည်းရောဂါ ရှိတယ်၊
ခုရက်ပိုင်း အခြေအနေဆိုးနေလို့
ကျောင်းတောင် တစ်နှစ်နားလိုက်ရတယ်...."
အာဏာရှင်းပြနေသော အကြောင်းအရာများကို
ထူးထူး လုံးဝ မသိသလို မေမေ့ဆီမှလဲ
တစ်ခါမှ မကြားဖူးခဲ့....။
"သူ ခုလို ဖြစ်နေတဲ့ အခြေအနေမှာ
သူ့အဖေက နောက်အိမ်ထောင်ပြုလိုက်တဲ့
အတွက် ၊ အနည်းနဲ့ အများတော့ ခံစားရမှာပဲလေ...
အဲ့တာကြောင့်ပါ... နားလည်ပေးလိုက်ပါ..."
ထူးထူး စိတ်မကောင်းဖြစ်သွားမိသည်။
ကိုယ်ချင်းလဲ စာမိသည်။ စိုင်းမင်းခွန်းသော်
ဘာလို့ ထူးထူးကို ဒီလိုဆက်ဆံနေလဲ
မထူးဆန်းတော့.....
"အဲ့လိုဆိုတိုင်း အရာရာကို
ခေါင်းငုံ့ခံနေရမှာလား...?"
ထွက်ဖြစ်အောင် ထွက်လာတဲ့
အသူရာ့ဆီ မကျေနပ်သံတစ်ခု....။
"ခုလဲ ခွန်းသော်က အသူရာတို့ကို
ဘာလုပ်နေလို့လဲ...?"
လေသံက မာတယ်လို့ မဟုတ်ပေမယ့်
ပျော့ပြောင်းမနေသော အသံတစ်ခုနှင့်
အာဏာ ပြောလိုက်ချိန်တွင် အသူရာက
တစ်ခုခု ပြန်ပြောမည် အလုပ်...
ပွဲထဲမှ ထွက်လာသော စိုင်းမင်းခွန်းသော်ကို
တွေ့လိုက်ရသဖြင့် ငြိမ်သက်သွားသည်။
ကိိုခွန်းသော်က ထူးထူးတို့ကို
တစ်ချက်ကြည့်သွားပြီး...
အာဏာ့ကိုတောင် နှုတ်မဆက်ပဲ
ထွက်သွားလေသည်။
ထိုစဉ် ဦးသန့်ဇင်၏ ကားဒရိုင်ဘာဦးမော်က
ထူးထူးဆီ ပြေးလာကာ....
"ထူးထူး... ဆရာက ထူးထူးကို လိုက်ရှာနေတယ်..."
"ဗျာ... ကျွန်တော့်ကို...?."
"ဟုတ်တယ်... သားကိုဧည့်သည်တွေနဲ့
မိတ်ဆက်ပေးမလို့တဲ့.... လာ.. သား..."
ဒရိုင်ဘာ ဦးလေးကြီးက ရှေ့မှ ခပ်သုတ်သုတ်
သွားတော့ ထူးထူးလဲ အနောက်မှ
လိုက်ခဲ့လိုက်သည်။ ပွဲထဲရောက်တော့...
"ဟော လာပြီ..... လာ သား.... လာ..."
စင်ပေါ်မှ ဦးသန့်ဇင်၏ အသံကြောင့်
ခြေလှမ်းများ ရပ်တန့်သွားသည်။
မီးတွေက ထူးထူးဆီ ကျရောက်လာချိန်
ဘာဆက်လုပ်ရမှန်းမသိအောင် ကြောင်ပြီး
ရပ်နေမိသည်။ မေမေက ထူးထူးကို
လာခေါ်တော့မှ ကြောင်တောင်တောင်နဲ့
လိုက်သွားမိသည်။
စင်ပေါ်သို့ မေမေ ဦးဆောင်ပြီး တက်ချိန်တွင်၊
ထူးထူး ကတော့ ဒူးတွေ တုန်နေပြီ ဖြစ်သည်။
နဂိုထဲကမှ လူများလျှင် မကြိုက်..
ခု များတဲ့ လူတွေ အကုန် ထူးထူးတို့ကို ဝိုင်းကြည့်
နေကြသည် ဆိုသည့် ခံစားချက်က ထူးထူးကို
မူးမေ့ချင်အောင် စေခိုင်းနေသလို...
ဒီလို အခြေအနေကြီးကို ထူးထူး လူံးဝ
မဖြစ်ချင်ဘူးလေ...။
"ဒါကတော့ ကျွန်တော့်ရဲ့ သားအငယ်ပေါ့ဗျာ...၊
နာမည်က ထူးထူးသော်တဲ့...."
ဦးသန့်ဇင် စတင် မိတ်ဆက်ပေးလိုက်ပြီးချိန်တွင်
အားလုံးဆီမှ အကြည့်တွေ စုပြုံရောက်လာမှု
အပေါ် ထူးထူး မနေတတ်တော့...
"သား အငယ်လေးကို ကြိုဆိုကြပါဦးဗျာ..."
လက်ခုပ်သံများ ကြားလိုက်ရတော့ ထူးထူး
လန့်ပြီး တုန်တောင် တုန်သွားသည်။
မျက်လုံးတွေ ပြာဝေလာသည်။
မေမေ့ကို ကြည့်မိတော့ မေမေက
အေးအေး ဆေးဆေး အပြုံးပင်မပျက်။
ထူးကတော့ စင်ပေါ်က
မြန်မြန်ဆင်းချင်နေပြီ ဖြစ်သည်။
..................
Toilet ထဲတွင် ယိုင်တိ ယိုင်တိုင်ဖြစ်နေသော
ခွန်းသော် နောက်သို့ အာဏာ လိုက်သွားရင်း....
"ရရဲ့လား ခွန်းသော်......?"
ခွန်းသော် က လက်ကာပြကာ...
"ရတယ် အာဏာ.....
ငါ့ကားထဲမှာ ဆေးပါတယ် သွားယူလိုက်မယ်..."
"ငါ သွားယူပေးမယ်...
မင်းနေခဲ့... ဒီမှာ ခဏ ထိုင်စောင့်နေ....."
ခွန်းသော်က alcohol နဲ့ ဓာတ်မတည့် .. ၊
သူ့အဖေ စင်ပေါ်မှာ တိုက်လိုက်တဲ့ ဝိုင်တွေ
သောက်ပြီး အလက်ဂျစ်ဖြစ်နေသည်။
အာဏာ ၊ ခွန်းသော်၏ ကားသော့ကို ယူကာ
သူ့ကားဆီသို့ လျှောက်လာခဲ့သည်။
ဦးသန့်ဇင်က မွှန်နေတာကြောင့် သူ့သား ၊
ဘာနဲ့ မတည့်တာလဲဆိုတာတောင်
သူ မေ့သွားပုံရသည်။ ခွန်းသော်ကလဲ
အမြဲ မြုံစိစိ သမားဆိုတော့ သူ့အဖေတိုက်တာ
ကို မငြင်းပဲ သောက်လိုက်သည်တဲ့လေ။
..........
ထူးထူးထွက်သွားသော်လည်း၊ မိမိကိုယ်က
ချဉ်စုတ်စုတ် အနံ့ရနေသဖြင့် ၊အသူရာ
ပွဲထဲသို့ မလိုက်သွားဖြစ်ပဲ toilet ထဲသို့သာ
နောက်တစ်ခေါက် ထပ်ဝင်လာလိုက်သည်။
အင်္ကျီက အမဲ ဖြစ်တာကြောင့် ရေနည်းနည်း
ထပ်ဆေးလည်းမသိသာ၊ အနည်းဆုံးတော့
အနံ့လေး ပျောက်သွားပေလိမ့်မည်။
Toilet ထဲ ဝင်လာချိန်တွင် toilet ၏
ဘေစင်ပေါ်တွင် တက်ထိုင်နေသော
စိုင်းမင်းခွန်းသော်အား တွေ့လိုက်ရသဖြင့်
ခြေလှမ်းတို့ တုံ့ခနဲ၊ သူက အသူရာ့ကို
မြင်မြင်ချင်း အလိုမကျဟန်နှင့် ကြည့်နေသည်။
သူပြောတဲ့ အဆင့်အတန်းဆိုတာ ဒါလား...၊
ဘေစင်ပေါ် တက်ထိုင်နေတာ
အဆင့်အတန်းရှိသူတို့ရဲ့ လုပ်ရပ်လား...။
အသူရာ့ သူ့ကို သိပ်အမူထားမနေတော့ပဲ ၊
သူထိုင်နေတာနဲ့ အဝေးဆုံး ဘေစင်ကိုသုံးကာ
အင်္ကျီအား ရေစွတ်နေလိုက်သည်။
ထူးထူးကလဲ သူနဲ့ ပြဿနာတက်စေချင်ပုံမရ၊
ပြီးတော့ ထူးထူးနဲ့ သူနဲ့က တစ်အိမ်ထဲတူတူ
နေရတော့မှာလေ။
Toiletတစ်ခုလူံး တိတ်ဆိတ် ငြိမ်သက်လျှက်၊
သူ့ဆီမှ စကားတစ်ခွန်းမှ ထွက်မလာသလို၊
အသူရာလည်း နှုတ်ဆိတ်နေလိုက်သည်။
သို့သော် ကံပဲ ဆိုးချင်လို့လား မသိ၊
အတွင်းထဲမှ လှိုက်တက် လာသော
ခံစားချက်နှင့် အတူ၊ လူက ပျို့တက်လာပြန်သည်။
ဝိုင်တွေရော ၊ အစားတွေကော တော်တော်
စုံသွားတာကြောင့် ခံရတာ မသက်သာလှ။
ဘယ်လိုမှ အောင်အီး သည်းမခံနိုင်တော့သည့်
အဆုံးတွင်တော့.....
"ဝေါ့...."
မရတော့... ဘေစင်တွင် ခေါင်းအပ်ကာ
ထပ်အန်မိတော့...
စိုင်းမင်းခွန်းသော်က ဘေစင်ပေါ်က
ခပ်မြန်မြန် ဆင်းလိုက်ရင်း..
"မင်း ဘာလုပ်တာလဲ...?"
ဟူ၍ အလန့်တကြားမေးလေသည်။
အန်နေတာ မြင်ရဲ့သားနဲ့ ဘာလုပ်တာလဲ
မေးတော့ ဘယ်လို ပြန်ဖြေရမည်နည်း။
လက်ခလယ် ထောင်ပြလိုက်ရမည်လား..?
"ကျွတ်....၊ အဆင့်မရှိလိုက်တာ...."
ဘာ...!! အသူရာ စိုင်းမင်းခွန်းသော်ဘက်
လှည့်လိုက်ရင်း..
"ဘာ..!! အဆင့်မရှိဘူး ဟုတ်လား..?၊
ငါ့ဘာသာ အိမ်သာထဲ ဝင်ပြီး ဘေစင်မှာ
အန်တာ အဆင့်မရှိဘူးပေါ့...၊ ဒီဘေစင်
ပေါ်ပါ ခြေထောက်ပါ တင်ပြီး ထိုင်နေတဲ့
လူကကျတော့ အဆင့်တွေ အရမ်းရှိနေတယ်ပေါ့ ဟူတ်လား...?"
စိုင်းမင်းခွန်းသော်က အသူရာ့အား
တစ်ခုခု ပြန်မပြောခင်၊ အနောက်သို့ တစ်ချက်
ယိုင်ကျသွားကာ ၊ အိမ်သာတံခါး တစ်ခုအား
မြဲမြံစွာ စုပ်ကိုင်လိုက်တာကြောင့်၊
အသူရာ မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
သူလည်း မူးနေတာလား....?။
အသူရာ သူ့အား မျက်စောင်းထိုးလိုက်ကာ
ဘာမှ ဆက်ပြောမနေတော့ပဲ ဘေစင်ကို
သန့်ရှင်းရေးပြန်လုပ်ပြီး မိမိကိုယ်ကိုပါ
သန့်ရှင်းရေး လုပ်နေချိန်၊toilet ထဲသို့
အာဏာမင်းဆက် ဝင်လာလေသည်။
သူက ရောက်တာနှင့် စိုင်းမင်းခွန်းသော်အား
လှမ်းတွဲလိုက်ကာ ..
"အဆင်ပြေရဲ့လား....
ဆေးခန်းသွားမလား..?.."
ဟူ၍ ပြောသဖြင့် အသူရာလဲ
လှည့်ကြည့်လိုက်တော့၊
ဟိုက ကြမ်းပြင်ပေါ်တွင် ထိုင်ရက်သား။
"ရတယ် .. ငါ့ကိုဆေးပေး...၊
ပြီးတော့ ဒီက မြန်မြန် ထွက်ရအောင်...."
ဟု ပြောတော့ အာဏာက ခေါင်းညိတ်ကာ
ခွန်းသော်အား အပြင်သို့ တွဲခေါ်သွားလေသည်။
စိုင်းမင်းခွန်းသော်၊ ကျန်းမာရေး
မကောင်းတာလေးကို သနားချင်ပါသော်လည်း၊
အချိုးက တစ်စက်မှ မပြေ။
ဒီလောက် ပြည့် ပြည့်စုံစုံ ချမ်းချမ်းသာသာ
နေနေရပြီး ဘာလို့များ မလိုမုန်းထားစိတ်တွေ ၊
မာန်မာနတွေ အရမ်းများနေတယ် မသိတော့။
သူနဲ့ နီးနီးမှာ နေရမယ့် ထူးထူး
အဆင်ပြေပါစေလို့ပဲ ဆုတောင်း ပေးရတော့မည်။
..........
ထူးထူး စင်ပေါ်မှ ဆင်းလာတော့ လူက
မသောက်ပဲ မူးနေပြီး၊ မျက်လုံးတွေပြာဝေနေသည်။
တစ်ယောက်ထဲ ယောင်တောင် ပေါင်တောင်နှင့်
ယိုင်တိ ယိုင်တိုင် ဖြစ်နေမိတယ်။
ဒီပွဲကြီးကို မြန်မြန် ပြီးချင်လှပြီ၊
စိတ်တွေ အရမ်း မွန်းကျပ်နေပြီ ဖြစ်သည်။
ပွဲထဲတွင်လည်း ဆက်မနေချင်တော့တာကြောင့်
အပြင်သို့ပဲ ထွက်လာလိုက်ကာ အသူရာ့ကို
ရှာမိတော့... toilet ရှေ့တွင် တစ်ယောက်ထဲ
ငုတ်တုတ်လေး ထိုင်နေတာ တွေ့တာနှင့်..
"နင် လိုက်လာမယ် ထင်နေတာ၊
ဘာလို့ နေခဲ့တာလဲ...?"
"ငါဒီမှာ နံစော်နေတာပဲလေ..."
ဟုပြောကာ အပေါ် ကုတ်ကိုလဲ ချွတ်ထားပြီး
စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
ထူးထူး ပြုံးလိုက်ကာ သူ့ဘေးတွင်
ဝင်ထိုင်လိုက်ပြီး....
"အဲ့တာ သင်ခန်းစာပဲ၊
နောက်ဆို နိုင်သလောက်ပဲ သောက်...
ကြားလား..."
"အေးပါ...."
ဟူ၍ ဆူပုတ်ပုတ်လုပ်နေလေသည်။
အသူရာနဲ့ တွေ့တော့မှ စိတ်ထဲ မွန်းကျပ်တာတွေ
နည်းနည်း နေသာ ထိုင်သာ ရှိသွားသည်။
"ပွဲပြီးရင်.. နင် လိုက်သွားရတော့မှာပေါ့...?"
အသူရာ့စကားကြောင့် ထူးထူးစိတ်တို့
ပြန်မောရပြန်သည်။
သက်ပြင်းမောကြီး ချမိတော့ အသူရာက ....
"စိုင်းမင်းခွန်းသော် နင့်ကို အနိုင်ကျင့်ရင်၊
ငါ့ကို ပြောနော်၊ နေရာတကာ ခေါင်းငုံ့ခံမနေနဲ့
ကြားလား...?"
"အေးပါ...၊"
အသူရာ.. ထူးထူးကို စိတ်ပူသည်။
ထူးထူးက နေရာတကာ ဖြည့်တွေးတတ်ကာ၊
စိတ်သဘောကောင်းလွန်းပြီး ၊အရမ်း
အေးဆေးလွန်းတာကြောင့်၊ နိုင်ချင်သူက
ခပ်များများ။ အခုလဲ စိုင်းမင်းခွန်းသော်နဲ့
တစ်အိမ်ထဲအတူနေရလျှင် ၊
ငါ့သူငယ်ချင်းလေး ဘယ်လောက်တောင်
အနှိမ်ခံ အပြောခံ ဘဝ ရောက်နေလိုက်မည်နည်း...။
ပွဲပြီးချိန် ရောက်လာတာကြောင့် ပွဲထဲမှ
လူတွေ တစ်စထက် တစ်စ
နည်းပါးလာပြီ ဖြစ်သည်။
ဘယ်သူမှ မရှိတော့တဲ့ အချိန် ပွဲသိမ်းတော့မှ၊
မေမေက ထူးထူးတို့နားသို့ လျှောက်လာကာ...
"သားတို့ ပြန်ကြမယ်လေ...၊ "
ဟုလာခေါ်တော့ အသူရာက
ချက်ချင်းထလိုက်ရင်း...
"အန်တီ...၊ အသူရာက ကိုယ့်ဘာသာပဲ
ပြန်လိုက်တော့မယ်၊ မဟုတ်ရင်
တကူးတကကြီး လိုက်ပို့နေရလိမ့်မယ်...."
"အာ မဟုတ်တာ သားကလဲ...၊
အန်တီတို့နဲ့ပဲ ပြန်လိုက်ခဲ့ပါ၊
သားကို တစ်ကူးတက
အန်တီ ကိုယ်တိုင်ခေါ်လာတဲ့ဟာကို...၊
လာလာ..."
ဆိုကာ မေမေက အရှေ့မှ ထွက်သွားတော့
ဦးသန့်ဇင်ကလဲ မေမေဆီ လျှောက်သွားလေသည်။
အသူရာက ထူးထူးနား ကပ်ပြီး......
"ထူးထူး.. ငါက တော်တော်နံနေတာဟ၊
လိုက်ရင် တစ်ကားလုံး နံနေလိမ့်မယ် မဖြစ်ဘူး....၊
ဝိုင်းပြောပေးဦး..."
ဟုဆိုတော့ ထူးထူး ဘာလုပ်ရမှန်းမသိ...။
ဦးသန့်ဇင်က နောက်သို့ ပြန်လှည့်ကြည့်ရင်း...
"ခွန်းသော် ဘယ်ရောက်သွားလဲ မသိဘူး...၊
သားတို့ တွေ့မိကြသေးလား....?"
အန်ကယ်ဦးသန့်ဇင်က သူ့သားပျောက်၍
ရှာနေပုံရသည်။ အသူရာက...
ကားပါကင်ဘက်ကို လက်ညှိုးထိုးရင်......
"ခုနကတော့ ဟိုဘက်ထွက်သွားတာ တွေ့တယ်.."
ဟုပြောလိုက်တော့၊ အန်ကယ် ဦးသန့်ဇင်က
ခေါင်းညိတ်ကာ ထူးထူးကို ကြည့်လာပြီး...
"သားက အန်ကယ်တို့နဲ့ပဲ ပြန်လိုက်ခဲ့တော့....."
ဟူ၍ပြောသည်။ ထူးထူး ခေါင်းညိတ်လိုက်ကာ
မေမေတို့နောက် သို့ အသူရာနဲ့ အတူ
လိုက်ခဲ့စဉ်တွင် ကားပါကင်ကို ရောက်တော့
တစ်ယောက်ထဲ လမ်းလျှောက်လာသော
အာဏာ့ကို တွေ့လိုက်ရလေသည်။
သူက အန်ကယ် ဦးသန့်ဇင်အား...
"အန်ကယ်..? ခွန်းသော် က သိပ်နေမကောင်းလို့
မော်နဲ့ အတူ ပြန်သွားပြီ၊ အန်ကယ့်ကို
ပြောခိုင်းလို့ လာပြောတာ...."
"အော် ဟုတ်ပြီ....
သားကော မပြန်သေးဘူးလား....?"
ဟူ၍မေးလိုက်တော့ အာဏာမင်းဆက်က
ထူးထူးကို ကြည့်လာကာ...
"ပြန်မှာဗျ၊ နှုတ်ဆက်ရမယ့် လူ ကျန်နေသေးလို့ "
ဟူ၍ ပြောကာ ထူးထူးအား ပြုံးပြလာသည်။
သူက ထူးထူးကို မနှုတ်ဆက်ရသေးလို့
မပြန်သေးတာပေါ့။
"အိ... ဒါက TR group ရဲ့ သားလေ...၊
အာဏာမင်းဆက်တဲ့၊ "
အန်ကယ်ဦးသန့်ဇင်က အာဏာနဲ့ မေမေ့ကို
မိတ်ဆက်ပေးတော့ အာဏာက ပြုံးလိုက်ကာ
လက်တစ်ဖက် ရှေ့ထုတ်လိုက်ပြီး
"တွေ့ရတာဝမ်းသာပါတယ် အန်တီ..."
ဟူ၍ ဆိုချိန် ဦးသန့်ဇင်က.....
ထူးထူးဘက်လှည့်ကာ...
"ဒါကတော့ အိရဲ့သား... နာမည်က..."
"ကျွန်တော်တို့က ရင်းနှီးပြီးသားပါ အန်ကယ်..."
ဟူ၍ အာဏာက ဆိုစဉ်၊ အန်ကယ်ဦးသန့်ဇင်က
အံ့သြသွားသည့် ပုံဖြစ်သွားကြောင့်.....
"ကျောင်းတူနေတော့ ခင်သွားတာပါ.."
ဟူ၍ စကားထောက်သည်။
အမယ် ကျောင်းတူနေလို့ ခင်သွားတယ်ပဲရှိရသေး...။
ထိုစဉ် အသူရာက ထူးထူးနားကနေ
အာဏာမင်းဆက်နားသို့ လှစ်ခနဲ ရောက်သွားကာ...
"ဟိုလေ... အန်တီ..၊ အသူရာ...
အာဏာနဲ့ပဲ ပြန်လိုက်မယ်...၊
အန်တီတို့ ကိုယ့်ဘာသာပဲ ပြန်လိုက်တော့နော်..."
ဟူ၍ ပြောတော့ မေမေက အံ့သြတကြီးနှင့်၊
"ဖြစ်လို့လား သားရဲ့..."
"ဖြစ်ပါတယ်.. ဖြစ်တယ်နော် .. အာဏာ..?"
ဟူ၍ပင် ပြန်မေးကာ ခွင်ပြုချက်တောင်းနေသော
အသူရာ့ ကြောင့် ထူးထူးရယ်ချင်သွားသည်။
အာဏာကလဲ ဘုမသိ ဘမသိနှင့် ခေါင်းညိတ်သည်။
"အန်တီတို့ ပြန်နှင့်တော့နော်..."
ဟူ၍ ပြောတော့မှ အန်ကယ်ဦးသန့်ဇင်နှင့်
မေမေက ကားရှိရာသို့ ဆက်လျှောက်ကြသဖြင့်
ထူးထူးလဲ အသူရာတို့ကို လက်ပြကာ အနောက်မှ
လိုက်လာခဲ့လိုက်သည်။
...........
ထူးထူးတို့ ကားလေးထွက်သွားတော့မှ ၊ အသူရာ ၊ အာဏာ့အား ရယ်ပြလိုက်ကာ..သူ့နားက
နည်းနည်း ပြန်ခွာလိုက်ပြီး...
"ဆောရီးနော် အာဏာ... ၊
အသူရာက တကယ် လိုက်မလို့ မဟုတ်ပါဘူး... ၊
ခုနက မူးပြီး အန်ထားတာ နံနေတော့ ၊
ကားပေါ်မှာနံနေမှာ စိုးလို့ ၊ အားနာလို့လေ၊
အဲ့တာ အန်တီအိက ကိုယ့်ဘာသာ ပြန်မလွှတ်လို့ ၊ ဇာတ်လမ်းဆင်လိုက်တာ...၊
အဲ့တာဆို တက်တာနော်...၊ အသူရာပြန်ပြီ...."
ဟုပြောပြီး လက်ပြကာ ဟိုတယ်ဝန်းထဲမှ
ထွက်ခဲ့လိုက်သည်။ ည၁၁နာရီပဲ ရှိသေးတာ
တက်စီတွေပေါမှာပါ။
အသူရာ လမ်းဘေးတွင် တက်စီ အလာကို
စောင့်နေစဉ်၊ ဟိုတယ်ထဲမှ ထွက်လာသော
အာဏာမင်းဆက်၏ အနက်ရောင် ပြိုင်ကားလေးက
အသူရာ့ရှေ့တွင် လာရပ်ကာ မှန်တံခါးဖွင့်လာပြီး...
"တက်.. ကိုယ် လိုက်ပို့ပေးမယ်.."
ဟူ၍ ပြောတော့ အသူရာ ခေါင်းခါလိုက်ကာ.....
"အာ မဟုတ်တာ...၊ ဒီမှာ နံနေပါတယ်ဆိုမှ.."
ဟူ၍ ရယ်ကြဲကြဲ ပြောလိုက်တော့၊
သူက သူရဲ့ကားကို အမိုးတွေ
ကောက်ဖွင့်လိုက်ရင်း......
"ဒါဆို မနံတော့ဘူး... တက်..."
အသူရာ ဘာလုပ်ရမှန်းမသိ
ကြောင်နေတုန်း အာဏာက....
"နောက်မှာ ကားတွေပိတ်နေပြီ မြန်မြန်တက်"
ဆိုမှ၊ လန့်ဖြန့်ကာ တက်လာခဲ့မိသည်။
ကားပေါ်ရောက်တော့ သူက ကားကို
ဝေါခနဲထွက်ချိန်၊ လေက တစ်ဖြူးဖြူး
တိုက်နေတာကြောင့်၊ ခုနက မအီမလည်
ဖြစ်တာတွေ အကုန် ပျောက်သွားသလိုပင်။
အော် ထူးထူးရေ... နင့်ကျေးဇူးကြောင့်
ငါတော့ ပြိုင်ကားစီးဖူး သွားပြီဟယ်။
...........